By Western News/ 2021 March 10
ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့သည့် တောတောင်များတွင်မိုင်းရှင်းလင်းရေးရှိ၊ မရှိကိစ္စကို တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ ဆွေးနွေးညှိနှိုင်းနေသည်ဆိုသည့်သတင်းကို အတည်ပြု၍မရကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်က Western News ကို ပြောသည်။အဆိုပါတောတောင်များတွင် မိုင်းရှင်းလင်းရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှအရာရှိများက ရက္ခိုင့်တပ်တော် AA နှင့်ဆွေးနွေး နေသည်ကို အကြမ်းအားဖြင့်သတင်းပဲကြားရသဖြင့် တိတိကျကျပြောဆို၍မရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။” ကျွန်တော်တို့ကသတင်းပဲကြားရတာ။ လူကြီးတွေဆွေးနွေးနေတယ်လို့ အကြမ်းအားဖြင့်ကြားရတာပေါ့။ ဒါကဟုတ်မဟုတ်ကိုတော့ အတိအကျပြောလို့မရဘူး။ အဲဒါကြောင့် AA နဲ့ဆွေးနွေးနေတာကို အတည်ပြုလို့မရဘူး”ဟုပြောသည်။တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိသည်မှာ ယနေ့မတ်လ ၁ဝ ရက်နေ့ဆိုလျှင် ရက်ပေါင်း ၂၄ ပြည့်ပြီဖြစ်သော်လည်းမိုင်းတွေ့ ရှိမှုမရှိသေးဟု ဗိုလ်မှူးကြီးမင်းသန့်ကဆိုသည်။တပ်မတော်အနေဖြင့်တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိကြောင်း မတ်လ ၆ ရက်နေ့တွင်ဗိုလ်မှူးကြီးမင်းသန့်ကပြော ဆိုခဲ့သည်။ ယင်းအပြင် တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ကားလမ်းမအပြင် တောင်တောင် များကိုလည်းရှင်းလင်းပေးမှသာ မိမိတို့အနေဖြင့်နေရပ်သို့ပြန်သွားနိုင်မည်ဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောဆိုနေကြသည်။ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အမ်းမြို့နယ် သရက်ပင်ချောင်းကျေးရွာမှ ဦးငဌေး အသက် ၄၂ နှစ်မှာ အုန်းတံချောင်း တံတားအနီး မက်ကလာကျွတ် တောင်ပေါ်သို့ အဖော် ၂ ဦးနှင့်အတူ သလူရွက် ခုတ်ရန်သွားစဉ် မြေမြုပ် မိုင်းပေါက်ကွဲမူကြောင့် ယာဖက်ခြေပြတ်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။အလားတူ မတ်လ ၄ ရက်တွင် ရသေ့တောင်မြို့နယ် ၊ ပဲသဒူ ကျေးရွာအနီးတွင် လက်ပံပွင့် ကောက်ရန်သွားစဉ် စစ်ကျန် ဗုံးသီး ကိုတွေ့ရှိရာ မကြည့်ရာမှ ပေါက်ကွဲဖြစ်ပွားခဲ့ပြီး ကလေးငယ်နှစ်ဦးဒဏ်ရာများရရှိခဲ့ကြသည်။ ယင်းအပြင် မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုနယ်စပ် မိုင်တိုင်အမှတ် ၃၆/၃၇ ကြား၌ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်ကနယ်စပ် ခြံစည်းရိုးပြုပြင်ရန်ဆောင်ရွက်နေစဉ် မိုင်းနင်းမိသဖြင့် အလုပ်သမားအချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။အမ်းမြို့နယ်ရှိ စစ်တပ်ကအထိုင်ချထားသည့်အမြောက်လက်နက်ကြီးစခန်းတစ်ခုအနီးတွင် မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီကျော် အချိန်ခန့်က မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောဆိုကြသည်။ ယင်းပေါင်ကွဲမှုတွင် တစ်စုံတစ်ရာ ဒဏ်ရာရှိမှုမရှိခဲ့ပေ။မတ်လ ၈ ရက်နေ့က မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ဒေသခံတစ်ဦးသည် ညောင်ကန်ကျေးရွာအနီးတွင်ရှိသည့် ကျွဲတလင်းတောင်သို့ သွားစဉ် စစ်ကျန်လက်နက်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်သွား ခဲ့သည်။တပ်မတော်ကမိုင်းရှင်းလင်းနေစဉ်အတွင်း မိုင်းပေါက်ကွဲမှု ၅ ကြိမ်းအထိရှိခဲ့သည်။ရခိုင်တွင်၂ နှစ်တာဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မိုင်းနှင့်စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားသေဆုံးသူ ၃၃ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၆ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (RREC)၏မှတ်တမ်းများအရသိရသည်။
https://www.facebook.com/102405104899336/posts/246518493821329/