တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိဟု တပ်မတော်ပြော၊ မိုင်းရှင်းလင်းမှု မရှိလျှင် နေရပ်မပြန်ဟု စစ်ဘေးရှောင်များဆို

By Western News/ 2021 March 6

တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေကားလမ်းမကြီးတစ်လျှောက် မိုင်းရှင်းလင်းရေးလုပ်ဆောင်လျှက်ရှိသည်မှာ ယနေ့မတ်လ ၆ ရက်နေ့ဆိုလျှင် ရက်ပေါင်း ၂၀ ပြည့်ပြီဖြစ်သည်။
မိုင်းရှင်းလင်းရေးအဖွဲ့မှာ မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာအလွန်သို့ရောက်ရှိနေပြီဖြစ်ပြီး တစ်ခြားအဖွဲများမှာ ရသေ့တောင်မြို့နယ်တောင်ဖက်ရှိ ရွှေလောင်းတင်၊ ဦးဂါကျေးရွာအစရှိသည့်ကျေးရွာတို့ကိုလည်း မတ်လ ၆ ရက်နေ့မှစတင်ကာ မိုင်းရှင်းလင်းရေးစတင်လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။
တပ်မတော်အနေဖြင့်တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။
” မိုင်းတွေတော့မတွေ့ပါဘူး။ အခုဆိုရင်မိုင်းလင်းရှင်းရေးအဖွဲ့က တိမ်ညိုအလွန်ရောက်နေပြီ။ ဒီနေ့မှာဆိုရင် ရသေ့တောင်တောင်ဖက်မှာရှိတဲ့ ရွှေလောင်းတင်၊ဦးဂါရွာတွေကိုမိုင်းလင်းရေးစတင်လုပ်ဆောင်နေပြီ။ တောတောင်တွေကိုတော့ရှင်းဖို့မရှိဘူး။ တောတောင်တွေကို ဟိုအဖွဲ့(AA)ကရှင်းလိမ့်မယ်”ဟု ပြောသည်။
ထွက်ပြေးလာကြသည့် စစ်ဘေးဒုက္ခအများစုမှာ မိမိတို့၏ ကျေးရွာသို့ပြန်သွားရမည်ဆိုလျှင် တောတောင်များကိုမှီခိုကာလုပ်ကိုင်စားသောက်ကြရမည်ဖြစ်သောကြောင့် မိုင်းရှင်းလင်းပေးမှုများမရှိဆိုလျင် နေရပ်ပြန်နိုင်ဖို့ခက်ခဲသွားမည်ဟု တိမ်ညိုစစ်ဘေးရှောင်စခန်း၌ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးလပြည့်အောင်ကပြောသည်။
” ကျွန်‌တော်တို့‌မြောက်ဦးမှာကရွာတွေဆိုရင်တောင်အောက်တွေမှာရှိတာ။ ရွာကလူတွေဆိုရင်လည်း တောတောင်တွေကိုအမှီပြုလို့စားသောက်နေကြရတာ။ တပ်မတော်က တောတောင်တွေကိုမိုင်းရှင်းလင်းမပေးဆိုရင် ကျွန်တော်တို့နေရပ်ကိုပြန်ဖို့ခက်ခဲသွားမယ်။ ကျွန်တော်တို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ တောင်တွေကိုသွားရင်မိုင်းနင်းမိလို့သေသွားကြတယ်။ ဒဏ်ရာရသွားကြတယ်။ တောတောင်တွေကိုမိုင်းရှင်းလင်းပေးမှနေရပ်ကိုပြန်နိုင်မယ်”ဟု ပြောသည်။
လက်ရှိတွင် မိုင်းရှင်းရေးကိုလုပ်ဆောင်နေသော်လည်း တစ်ဖက်မှာ စစ်ဘေးရှောင်များနေထိုင်သည့်နေရာ၊ ကျေးရွာအနီးအနား၌ တပ်စွဲထားသည့်တပ်စခန်းများကိုလည်း ရုတ်သိမ်းပေးမှသာလျှင် နေရပ်သို့ပြန်သွားနိုင်မည်ဟု ဦးလပြည့်အောင်ကပြောသည်။
ပုဏ္ဏားကျွန် စက်မှုဇုန်စစ်ဘေးရှောင်စခန်းတွင်နေထိုင်သည့် ဒုက္ခသည်တစ်ဦးက “လက်ရှိတော့ စစ်တပ်ကမိုင်းရှင်းလင်းနေတယ်လို့ကြားတယ်။ အထူးသဖြင့်ကတော့ ကားလမ်းမ ဘယ်ညာ တစ်လျှောက်ရှင်းတယ်ပေါ့။ ဒါပေမယ့် ကျမတို့က တောတောင်တွေကို မှိခိုစားသောက်နေကြရတယ်။ ဒီတောတောင်တွေကိုလည်း ရှင်းလင်းပေးဖို့လိုတာပေါ့။ ဒါမှကျမတို့တိုက လုံလုံခြုံခြုံရွာကိုပြန်ပြီးတော့ လုပ်ကိုင်စားသောက်လို့ရမှာဟု”ပြောသည်။
ရခိုင်ပြည်နည်တွင် တပ်မတော်နှင့် အေအေတို့ ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နေရပ်ကို စွန့်ခွာကာ စစ်ဘေးရှောင်စခန်း ယာယီအဆောက်အဦးနှင့် စစ်ဘေးဒုက္ခသည်စခန်းအပြင်တွင် နေထိုင်သည့် ဦးရေမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထိ ၁၉၅၀၀၀ ကျော်ရှိသည်ဟု ရခိုင်မျိုးတိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး REC ၏ စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/243760334097145/

Leave a Reply

Your email address will not be published.