တောင်ကုတ်စည်ပင်ကော်တီဥက္ကဌပါ ၄ ဦးအမှုကို လာမည့် ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်

By Development Media Group (DMG) / 2021 March 25

ဓာတ်ပုံ – နိုင်ငံရေးအကျဉ်းသားများကူညီရေးအဖွဲ့ (တောင်ကုတ်မြို့နယ်)

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် စွဲတင်ခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအပါအဝင်လေးဦး၏အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း ရှေ့နေ့ထံမှ သိရသည်။

ယင်းအမှုတွင် တရားခံဘက်မှ သက်သေ ၇ ဦးရှိပြီး ပြီးခဲ့သည့် ရုံးချိန်းတွင် စစ်ဆေးပြီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

မနေ့က မတ်လ ၂၄ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ နှစ်ဖက်အပြီးသတ်လျောက်လဲပေးပြီး အပြီးသတ် အမိန့်ချရန်အတွက် လာမည့် မတ် ၃၀ ရက်နေ့ကို ချိန်းဆိုလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသူ တရားလွှတ်တော်ရှေ့ ဒေါ်သိင်္ဂီမောင်က DMG သို့ပြောသည်။

“ အပြီးသတ်လျောက်လဲချက် ပေးတယ်ပေါ့။ တစ်ဖက်ဆိုရင် ဥပေဒေအရာရှိက လျောက်လဲချက်ပေးတယ်။ ကျွန်မ တို့ကကျတော့ စွပ်စွဲခံရသူလေးဦးအတွက်ပေးတယ်ပေါ့။ ဒါကြောင့် တရားရုံးက ၃၀ ရက်နေ့ကို အပြီးသတ်မိန့်ချ မယ်ဆိုပြီး ချိန်းဆိုလိုက်တာဖြစ်တယ် ” ဟု ဒေါ်သိင်္ဂီမောင်က ဆိုသည်။

တရားစွဲတင်ခံရသူများမှာ တောင်ကုတ်မြို့နယ် ANP မှ ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ စည်/ကော်ဥက္ကဋ္ဌ ဦးဇေယျကျော်နှင့် ၎င်း၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ၊ စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေတို့ဖြစ်ကြသည်။

၎င်းတို့ ၄ ဦးမှာ ၂၀၂၀ ခုနှစ် မေလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း ဖမ်းဆီးခံခဲ့ရပြီး တောင်ကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ်ချုပ်ရမန်ယူခဲ့ကာ တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်သို့ ခေါ်ဆောင်သွားခဲ့ပြီး အောင်သပြေစစ်ကြောရေးစခန်း၌ ထိန်းသိမ်းခံခဲ့ရကြောင်း စွပ်စွဲခံရသူများက ပြောသည်။

ယင်းနောက် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ချုပ်ရမန်ယူခဲ့ပြီး ၂၀၂၀ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် သံတွဲမြို့သို့ခေါ်ဆောင်လာကာ တတိယအကြိမ်ချုပ်ရမန်ကို သံတွဲမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။

တောင်ကုတ်စည်ပင်ကော်မတီဥက္ကဋ္ဌပါလေးဦးမှာ ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်နွယ်မှု၊ ရိက္ခာထောက်ပံ့ ကူညီမှုရှိသည်ဟုဆိုကာ ၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က တောင်ကုတ်မြို့နယ်တရားရုံး၌ စစ်တွေမြို့ သတင်းအထူးတပ်ဖွဲ့(SB)မှ ရဲမှူးဇော်မြင့်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၎င်းတို့ လေးဦးမှာ လိုပြသက်သေများ၏ ထွက်ဆိုချက်အရ စွဲဆိုထားသည့်ပုဒ်ဖြင့် ငြိမ်စွမ်းမှုရှိသည်ဟုဆိုကာ (ဖေဖေါ်ဝါရီလ ၂၆ ရက်) တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ ၎င်းတို့တရားရင်ဆိုင်နေရသည်မှာ (၈) လခန့်ကြာမြင့်နေပြီဖြစ်ကာ ရုံးချိန်းပေါင်း အကြိမ် ၂၀ ကျော် အထိရှိခဲ့ပြီဖြစ်သည်။

တောင်ကုတ်စည်ပင်ကော်တီဥက္ကဌပါ ၄ ဦးမှာ အပြစ်မရှိသည့်အတွက် လွတ်မြောက်မည်ဟုမျှော်လင့်ထားသည် ဟု တောင်ကုတ်မြို့နယ် စည်/ကော်ဥက္ကဋ္ဌ(ဟောင်း) ဦးစန်းငွေ၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းအေးက ပြောသည်။

“ လွတ်ဖို့မျှော်လင့်ချက်ကတော့ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မယောက်ျားက အပြစ်လုပ်ထားမှမဟုတ်တာ။ သက်သေအထောက်ထားတွေလည်းမခိုင်လုံဘူး။ သက်သေက တိတိကျကျမတင်ပြနိုင်ဘူး။ ဒါကြောင့် လွတ်မယ်လို့ ယုံကြည်ထားတယ်” ဟု ဒေါ်စန်းစန်းအေးက ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၂(က) သည် အနည်းဆုံးထောင်ဒဏ် ၃ နှစ်မှ အများဆုံးထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂)နှစ်တာ ကာလ အတွင်းမှာ AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မဖြင့် တရားစွဲဆိုခံရသူ ၃၆၂ ဦးရှိခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းများအရ သိရသည်။

ယခုလ မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖြစ်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင် စီက ပြန်လည်ရုပ်သိမ်းလိုက်သည့်အတွက် အကြမ်းဖက်နှင့်တရားစွဲခံထားရသူများ ပြန်လည်လွတ်မြောက်လာ မည်ဟု မိသားစုဝင်များက မျှော်လင့်နေကြသည်။

https://www.facebook.com/dmgnewsagency/posts/1974339172718484

Leave a Reply

Your email address will not be published.