By Western News/ 2021 March 17
ရခိုင်ပြည်ယ်၊ မြောက်ဦးမြို့နယ်ရှိ လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်း မတ်လ ၁၇ ရက်နေ့ ည ၈ နာရီဝန်းကျင်လောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေဆောင် ၇၀၀ လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး ဒုက္ခသည်၂၇၁၆ ဦးတို့ နေထိုင်မည့်နေရာ မရှိဘဲဖြစ်သွားခဲ့ရသည်။
လက်ရှိတွင် မီးဘေးသင့်လူဦးရေ ၂၇၁၆ ဦးမှာ နေထိုင်မည့်နေရာမရှိသည့်အပြင် စားနပ်ရိက္ခာများနှင့် အဝတ်အထည်းများ ချက်ပြုစားသောက်မည့် အိုး၊ ခွက်၊ ပန်းကန်များအရေးပေါ်လိုအပ်လျက်ရှိသည်ဟု စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူ ကိုဇော်ထွန်းကပြောသည်။
“စစ်ဘေးရှောင်တွေအတွက် နေစရာနေရာကော၊ အဝတ်အထည်တွေ၊ စားနပ်ရိက္ခာတွေပြီတော့ ချက်ပြုတ်စား သောက်ရမယ့် အိုးတွေအစ အရေးပေါ်လိုအပ်နေတာပါ။ မီးလောင်တဲ့ အချိန်မှာ ဘာတစ်ခုမှ ယူဖို့မရလိုက်ဘူး။ အသက်လွတ်ဖိုပြေးရတော့ အကုန်မီးထဲပါသွားတာပါ။ မနေ့ကလည်း မီးလောင်ပြီး နေစရာမရှိလို့ တစ်ချို့က ကား လမ်းနဘေးမှာပဲ ဖြစ်သလိုအိပ်ကြရတယ်။ တစ်ချို့က စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ အိပ်ကြပါတယ်။ ဒီနေ့ အတွက်တော့ သူတို့တွေ စားသောက်ဖို့အတွက် တိမ်ညိုရွာအပါအဝင် ဘေးနားကရွာတွေက လှူတာ လေးတွေနဲ့ စာသင်ကျောင်းမှာ ချက်ပြုတ်စားသောက်ကြမှာပါ”ဟုပြောသည်။
ယင်းအပြင် မီးဘေးသင့်ဒုက္ခသည်များ နေထိုင်မည့်နေရာရရှိရန်အတွက် နိုင်ငံခြားအဖွဲ့အစည်းများဖြစ်သော ICR၊ WFP နှင့် အစိုးရအဖွဲ့အစည်းဖြစ်သည့် လူမှုကယ်ဆည်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ကိုအကူအညီ တောင်းခံသွား မည်ဖြစ်ကြောင်း ကိုဇော်ထွန်းကဆက်ပြောသည်။
ယမန်နေ့က မီးဘေးသင့်ဒုက္ခသည်များမှာ ရန်ကုန်-စစ်တွေကားလမ်းမကြီးဘေးနှင့် လယ်ကွင်းပြင်များတွင်အိပ်စက်ခဲ့ရပြီး ယခုအချိန်တွင် ၎င်းတို့ကိုတိမ်ညိုဘုန်းတော်ကြီးကျောင်းသို့ ခေတ္တပြောင်းရွေ့ထားသည်ဟု စစ်ဘေးရှောင်ဦးလှပြည့်အောင်က ပြောသည်။
“မီးလောင်သွားသည့် မိသားစုက ပစ္စည်းတွေ အနည်းငယ်ရလိုက်တဲ့ နေအိမ်တွေကို ဘုန်းကြီးကျောင်းကိုခေတ္တ ပြောင်းရွေ့ထား ပါတယ်။ ကျွန်တော်တို့လည်း အိမ်တွေ မီးလောင်ကုန်တော့ မနေ့က လယ်ကွင်းပြင်တွေမှာ ဖြစ်သလို အိပ်လိုက်ကြတယ်။ ခုလည်း အဝတ်တစ်ထည် ကိုယ်တစ်လုံးနဲ့ အများကြီးပဲ။ စစ်ဘေးရှောင်အဖြစ်လာတုန်းက အိုးမဲ့ အိမ်မဲ့ တစ်ခါဖြစ်ခဲ့ပြီ။ နောက်ထပ် တစ်ခါထပ်ဖြစ်ပြန်ပါတယ်။ တော်တော်လေး စိတ်မကောင်းဖြစ်ရပါတယ်”ဟုပြောသည်။
မီးလောင်မှုမှာ ဖယောင်းတိုင်မီးထွန်းထားခဲ့ရာမှ ဖယောင်းတိုင်မီးလဲကျ၍ အနီးရှိ မိုးကာထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး အဆိုပါမီးလောင်မှုကြောင့် ဒုက္ခသည်နှစ်ဦးထိခိုက်ဒဏ်ရာရရှိကာ မစိုးရိမ်ရဒဏ်ရာဖြင့် တိမ်ညိုတိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှာလာရောက်ခိုလှုံနေကြရခြင်းဖြစ်ပြီး အိမ်ထောင်စု ၈၅၄ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိကြောင်းသိရသည်။
https://www.facebook.com/102405104899336/posts/251854996621012/