By Western News/ 2021 March 27
ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့တွင် မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြည်လည်တည်ဆောက်ပေးမည် မဟုတ်ကြောင်း မတ်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဒုက္ခသည်များနှင့်တွေ့ဆုံရာတွင် ပြောဆိုခဲ့သည်။
အဆိုပါစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီအနေဖြင့်ပြန်လည်မဆောက်လုပ်ပေးသော်လည်း ပြည်တွင်း ပြည်ပအလှူရှင်များ၏ လှူဒါန်းငွေများဖြင့် မတ်လ ၂၈ ရက်နေ့တွင် ယာယီတဲအိမ်များ စတင်ဆောက်လုပ်မည်ဖြစ်ကြောင်း စခန်းတာဝန်ရှိသူက Western News ကိုပြောသည်။
ပြန်လည်ဆောက်လုပ်ပေးမည့်ယာယီတဲအိမ် တစ်အိမ်လျှင်ကုန်ကျငွေကျပ် ၂ သိန်းခန့်သတ်မှတ်ထားပြီး အဆောင်များကိုလည်း ယခင်မီးလောင်သွားကျွမ်းသွားသည့်နေရာတွင် မြေသန့်မင်္ဂလာပြုလုပ်ပြီ တည်ဆောက်သွားမည်ဖြစ်သည်ဟု တိမ်ညိုစစ်ဘေးရှောင် စခန်း ယာယီစခန်းတာဝန်ခံ ဦးစိုးနိုင်က Western News သို့ပြော သည်။
“ကျွန်တော်တို့မနက်ဖြန်ကနေ မီးလောင်သွားတဲ့မြေနေရာတွေမှာ အန္တရာယ်ကင်း ပရိတ်တရားတွေနာပြီးတော့ ပထမဆုံးအနေနဲ့ အစမ်းယာယီနေအိမ်တစ်ခုတည်ဆောက်သွားမယ်။ ကျွန်တော်တို့နေအိမ် ၁ လုံးစီကို ၂ သိန်းကျပ်စီ သတ်မှတ်ထားတယ်။ ပထမဆုံး ဆောက်တဲ့အိမ်မှာ ကုန်ကျတဲ့ငွေပမာဏကိုကြည့်မယ်ပေါ့။ ပြီးတော့မှာ ကျန်တဲ့အလုံးတွေကို ကုန်ကျမှုပေါ်မူတည်ပြီး တည်ဆောက်ပါမယ်”ဟုပြောသည်။
ယင်းအပြင်တဲအိမ်များကိုတည်ဆောက်သည့်အချိန်တွင်လည်းငွေကြေးအပေါ်မှုတည်ကာ ပထမအဖြတ်အနေဖြင့် တဲအိမ် အလုံး၂၀ သို့မဟုတ် ၃၀ ခန့်ကိုဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းအဆောင်များပြီးစီးသွားလျှင် နေထိုင်ရန်အတွက် မဲစနစ်ဖြင့် စီစဉ်ပေး သွားမည်ဖြစ်ကြောင်း ဦးစိုးနိုင်ကပြောသည်။
“ကျွန်တော်တို့ ပထမဆုံးဆောက်တဲ့နေအိမ်တစ်လုံးက ကုန်ကျငွေကိုကြည့်ပြီး ကျန်တဲ့အိမ်တွေကို ၂၀ စီ ၃၀ စီ ငွေကြေးပေါ်မူတည်ပြီး တည်ဆောက်သွားမယ်။ လောလောဆယ်တော့ အလှူငွေတွေရှိတာနဲ့ တတ်နိုင်သလောက် တည်ဆောက်မယ်။ အကုန်လုံးဆောက်ဖို့က ငွေကြေး မလုံလောက်သေးဘူး။ ပထမ အိမ်၂၀ ဆောက်ပြီးရင် အဲ့အိမ် ၂၀ ကို မဲစနစ်နဲ့နေခိုင်းမှာပါ။ ယာယီအိမ်တွေက နဂို ကထက် နည်းနည်းကျဉ်းသွားမယ်။ ဘာလို့လဲဆိုတော့ လမ်း ကကျဉ်းတော့လေ လမ်းကိုနည်းနည်းအကျယ်လိုချင်လို့ပါ။ နဂို အိမ်တွေက ၁၀ ပေ ၁၅ ပေပေါ့။ ခုကတော့ ၉ ပေ ၁၄ ပေလောက်ဆောက်မှာပါ။ တိုင်တွေကို သစ်တိုင်နဲ့ လုပ်မယ်။ အမိုးက ဓနိပြီးတော့ အကာနဲ့အခင်းကကျတော့ ကြမ်းနဲ့ပေါ့”ဟုပြောသည်။
ယခုလိုအဆောင်ပြန်လည်တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ မတ်လ ၂၆ ရက်နေ့က မြောက်ဦး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံခဲ့ရာ ၎င်းတို့အနေဖြင့် ယာယီအဆောင်များကို ပြန်လည်ဆောက်လုပ်ပေးရန်အစီစဉ်မရှိဘဲ နေရပ်ပြန်လိုသူများကိုသာ ကူညီပေးသွားမည်ဟုပြောဆိုခဲ့ကြောင်း ဦးစိုးနိုင်၏ ပြောကြားချက်အသိရသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းသည် မြောက်ဦးမြို့နယ်တွင် အကြီးဆုံးစစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ပြီး အိမ်ထောင်စု ၈၀၀ ကျော်နှင့် လူဦးရေ ၃၀၀၀ ကျော်ရှိသည်။ ပြီးခဲ့သည့် မတ် ၁၇ ရက်နေ့က မီးလောင်ကျွမ်းသွားသည့်အတွက် အိမ်ထောင်စု ၆၆၃ နှင့် လူဦးရေ ၂၇၀၀ ကျော်မှာ အိုးအိမ်မဲ့ဖြင့်ဖြစ်ခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့မှာ ယာယီ တဲအိမ်များနှင့် တိမ်ညိုဘုန်တော်ကြီးကျောင်း နေထိုင်နေကြသည်။
https://www.facebook.com/102405104899336/posts/258942645912247/