By Development Media Group (DMG) / 2021 March 18

မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မီးလောင်မှုကြောင့် ယာယီတဲဆောင် အလုံးပေါင်း ၆၆၃ လုံး ပျက်စီးဆုံးရှုံးကာ လူဦးရေ ၂၅၆၅ ဦး မီးဘေးဒဏ်ကြုံတွေ့နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
မနေ့က မတ် ၁၇ ရက်နေ့ ည ၈ နာရီအချိန်တွင် အဆိုပါ စစ်ခန်းရှိ ယာယီတဲဆောင်တစ်လုံးမှ ဖယောင်းတိုင် မီးစလောင်ခဲ့သည့်အတွက် ယင်းသို့ ပျက်စီးဆုံးရှုံးသွားရခြင်းဖြစ်ကြောင်း စခန်းကော်မတီဝင် ဦးစိုးနိုင်က ပြောသည်။
“မီးစလောင်တဲ့ တဲအိမ်က အမျိုးသမီးက ဖယောင်းတိုင်မီးထွန်းပြီး ကလေးကိုသိပ်တယ်။ ပြီးတော့ အဲဒီအမျိုးသမီးက အပြင်ထွက်သွားခဲ့တယ်။ အဲဒီအချိန်မှာ ဖယောင်းတိုင်မီးက ယိုင်လဲပြီး ဘေးကအကာကို မီးလောင်ပြီးတော့ မီးလောင်မှုဖြစ်ခဲ့တာ” ဟု ဦးစိုးနိုင်က ရှင်းပြသည်။
မီးလောင်မှုဖြစ်ပွားနေချိန်တွင် လေတိုက်မှုလည်းရှိသဖြင့် မီးလောင်မှုကို မတားဆီးနိုင်ခဲ့ကြောင်း၊ မီးစလောင်ခဲ့သည့် တဲဆောင်မှ ကလေးနှင့် ယင်းကလေးအား ဆွဲကူခဲ့သည့် အမျိုးသမီးတို့တွင် ဒဏ်ရာအနည်းငယ်ရရှိသွားကြောင်း ၎င်းကဆိုသည်။
စစ်ဘေးရှောင်စခန်း မီးလောင်သွားသဖြင့် မီးလောင်ပျက်စီးသွားသည့် ယာယီတဲဆောင်များမှ ဒုက္ခသည် ၂၅၀၀ ကျော်မှာလည်း စခန်းရှေ့ရှိ ကားလမ်းမအနီးနှင့် စခန်းအနောက်ဘက် လယ်ကွင်းများ၌ ညအိပ်ခဲ့ရသည်။
လက်ရှိတွင် စစ်ဘေးရှောင်များကို တိမ်ညိုဘုန်းတော်ကြီး၌ ယာယီနေရာချပေးထားကာ ၎င်းတို့စား သောက်ရေးအတွက် အလှူရှင်များလှူဒါန်းသည့် စားနပ်ရိက္ခာများနှင့် တိမ်ညိုကျေးရွာသားများမှ ထောက်ပံ့မှုများဖြင့် ကျွေးမွေးထားရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
“အိုးမရခွက်မရ ဘာမှမရလိုက်တဲ့အတွက် ကျွန်တော်တို့က အိုးတွေငှားပြီးတော့ တိမ်ညိုရွာသားတွေနဲ့ ပရဟိတလုပ်တဲ့ အဖွဲ့တွေနဲ့ပေါင်းပြီးတော့ ထမင်းချက်ကျွေးနေတယ်။ လောလောဆယ် အဓိကလိုအပ်ချက်က မီးဖိုချောင်သုံးပစ္စည်း၊ အဝတ်စား၊ အိုး၊ ပန်းကန်စတဲ့ ဟာတွေကို လိုအပ်နေတယ်” ဟု စခန်းကော်မတီဝင် ဦးစိုးနိုင်က ပြောသည်။
ယခု မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့် အဖွဲ့ဝင်များ တိမ်ညို စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိလာပြီး မီးလောင်သွားသည့် ယာယီတဲဆောင်များအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် မီးလောင်ရာတွင် ပါဝင်သွားသည့် အိမ်ထောင်စုများအတွက် ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲ၊ စောင် စသည်များကို ထောက်ပံ့ပေးပြီး စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် စစ်ဘေးရှောင်များက နေရပ်ပြန်ရေးနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့သည်။
လက်ရှိမီးလောင်ဆုံးရှုံးသွားသည့် ဒုက္ခသည်အရေးနှင့်ပတ်သက်၍ ၎င်းတို့၏လိုအပ်ချက်များ၊ ပြန်လည် နေရာချနိုင်ရေး စသည့်ကိစ္စများကိုလေ့လာပြီး ကူညီဆောင်ရွက်နိုင်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောသည်။
“ အခုမီးရှို့ခံရတာကြောင့် တစ်ခြားနေရာမှာ ပြောင်းနေရတယ်။ အဲဒီနေရကနေ ဘယ်လို ပြန်လည်နေရာချထားမှာလဲ။ ဘယ်လိုစီစဉ်ကြမလဲ။ ဒါမျိုးလေးတွေကို ကျွန်တော်တို့သိအောင် လုပ်ရမယ်။ အဲဒီအပေါ်မူတည်ပြီးတော့ ကူညီနိုင်မယ့်သူတွေနဲ့ ပူးပေါင်းပြီးမှ ဖြည့်ဆည်းကူညီသွားမှာဖြစ်တယ်” ဟု ဦးဇော်ဇော်ထွန်းက ဆိုသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၈၇၅ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိပြီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ကျေးရွာတိုက်ပွဲဖြစ်ပွားမှုကြောင့် ပေါက်ကွင်း၊ လက္ကာ၊ အောက်သကန်၊ ဘူးရွက်မညိုး စသည့် ကျေးရွာပေါင်း ၁၃ ရွာမှ ဒေသခံများမှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ အဆိုပါ စစ်ဘေးရှောင်စခန်း၌ လာရောက်ခိုလှုံနေကြခြင်းဖြစ်သည်။
စစ်ဘေးရှောင်စခန်း တစ်ခုလုံးနီးပါး မီးလောင်သွားသည့်အတွက် စစ်ဘေးရှောင်ပြည်သူများမှာ တစ်ပူအပေါ်တစ်ပူဆင့် ဆိုသကဲ့သို့ ဖြစ်သွားရခြင်းဖြစ်သည်။ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလအစောပိုင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ လက်ရှိတွင် နှစ်နှစ်ကျော်အထိ ကြာမြင့်ခဲ့ပြီဖြစ်သည်။
တိုက်ပွဲနှစ်နှစ်တာကာလအတွင်း နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင်ဦးရေ နှစ်သိန်းသုံးသောင်ကျော် အထိရှိပြီး ၂၀၂ဝခုနှစ် နိုဝင်လမှစ၍ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်နေသောကြောင့် နေရပ်ပြန်သွားကြသူများရှိသဖြင့် လက်ရှိ စစ်ဘေးရှောင်ဦးရေ တစ်သိန်းရှစ်သောင်းကျော်အထိရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းများအရ သိရသည်။
https://www.facebook.com/dmgnewsagency/posts/1969168113235590