တပ်ထဲ၌ ၂ ပတ်ကြာ ထိန်းသိမ်းထားပြီးနောက် သံတွဲစစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း ဆန္ဒပြသူ ၄ ဦးကို အကျဥ်းထောင်သို့ပို့ဆောင်

By Western News/ 2021 March 3

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ပြီးခဲ့သည့်ဖေဖော်၀ါရီလ ၁၆ ရက်နေ့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ထိုင်သပိတ်ဆန္ဒပြ၍ ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ကျောင်းသား ၁ ဦးနှင့် အရပ်သား ၃ ဦးကို တပ်မတော်တပ်ရင်း ၂ ခုတွင် နှစ်ပတ်ကြာထိန်းသိမ်းထားပြီးနောက် သံတွဲအကျဥ်းထောင်သို့ မတ်လ ၃ ရက်နေ့နံနက်ပိုင်းတွင် ပြောင်းရွေ့လိုက်သည်ဟု မိသားစု၀င်များကပြောသည်။သံတွဲအကျဥ်ထောင်သို့ပြောင်းရွေ့ခံလိုက်ရသူများမှာ မောင်အောင်ခိုင်မြင့်၊ မောင်ရန်ပိုင်ထွေး၊ မမြမြ၀င်းနှင့် ဦးခင်မောင်တို့ဖြစ်ကြောင်းနှင့် ၎င်းတို့မှာ ဆန္ဒပြရာတွင်ပါ၀င်သည့်အတွက် ငြိမ်းစုစီပုဒ်မ (၁၉) နှင့် သံတွဲမြို့မရဲစခန်းက တရားစွဲဆိုခံထားရပြီး လာမည့် မတ်လ ၈ ရက်နေ့ကိုရုံးချိန်းရွှေ့ဆိုင်းလိုက်သည်ဟု မောင်အောင်ခိုင်မြင့်၏ အစ်ကိုဖြစ်သူက Western News သို့ပြောသည်။”ဒီနေ့မှာသူတို့ ၄ ယောက်ကို တပ်ရင်းကနေပြီးတော့ အကျဥ်းထောင်ကိုပို့လိုက်တယ်။ အကျဥ်းထောင်ကိုပို့မယ်ဆိုရင်လည်း ကျွန်တော်တို့ကိုအသိမပေးဘူး၊ ကျွန်တော်တို့က သူတို့ကိုမုန့်တွေပေးဖို့သွားတဲ့အခါ ရဲတွေကပြောလိုက်တာ၊ အဲဒါကြောင့်သိရတာ၊ ရဲတွေကသူတို့လုပ်ချင်သလိုလုပ်နေတယ်၊ ဥပဒေနဲ့လည်းမညီဘူး၊ ဒါကိုကျွန်တော်တို့မကျေနပ်ဘူး၊ကျွန်တော်တို့ကိုလည်း သူတို့လေးယောက်နဲ့တွေ့ခွင့်မပေးဘူး” ဟု ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ သံတွဲမြို့မရဲစခန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။ပြီးခဲ့သည့် ဖေဖော်၀ါရီလ ၁၆ ရက် နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် ကျောင်းးသားများဦးဆောင်၍ အင်အား ၁၀၀၀ ခန့်က သံတွဲမြို့မာဃလမ်းမ၌ ငြိမ်းချမ်းစွာဆန္ဒပြနေကြစဥ် ရဲတပ်ဖွဲ့၀င် ၂၀ ကျော်က ၎င်းတို့ ၄ ဦးကိုဖမ်းဆီးသွားခြင်းဖြစ်သည်။ယင်းအပြင်း အဆိုပါ ၄ ဦးကိုဖမ်းဆီးသွားပြီးနောက် ရဲစခန်းမှတစ်ဆင့် တပ်မတော် တပ်ရင်း (၅၅)နှင့် (၅၆၆) တို့ကိုအသီးသီးပြောင်းရွှေ့ခံလိုက်ရသည်။စစ်တပ်ကအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှဘ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံထားရသည်။

https://www.facebook.com/102405104899336/posts/241690167637495/

Leave a Reply

Your email address will not be published.