တင်းမကျေးရွာသား ၂၁ ဦးပျောက်ဆုံးနေသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သော်လည်း သတင်းအစအနလုံး၀မရရှိသေး

By Western News/ 2021 March 3

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သော မြို့နယ်တစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်မှ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသား ၂၁ ဦးပျောက်ဆုံးနေသည်မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သော်လည်း သတင်းအစအန လုံး၀မရရှိဘဲဖြစ်နေကြောင်း ပျောက်ဆုံးသူမိသားစု၀င်များကပြောသည်။တင်းမကျေးရွာမှ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အမှုဖွင့်ပေးရန်အတွက် ကျောက်တော်မြို့မရဲစခန်းတွင် တိုင်ကြားခဲ့ပြီးနောက် ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မြောက်ဦးခရိုင်ရဲတပ်ဖွဲ့က မိသားစုဝင်များ ကိုခေါ်ယူ စစ်ဆေးခဲ့သည်။ယင်းအပြင် အဆိုပါကျေးရွာသားများပျောက်ဆုံးနေသည်နှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်စေရန် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှုးက ဇန်နဝါရီ ၆ ရက်နေ့က စုံစမ်းစစ်ဆေးရေးကော်မတီကို ဖွဲ့စည်းပေးလိုက်ပြီး ယင်းကော်မတီတွင် ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ကျောက်တော်မြို့နယ်ရဲမှူးနှင့် တင်းမကျေးရွာမှ ရပ်မိရပ်ဖ ဦးသိန်းထွန်းတို့ပါဝင်သည်။ထို့နောက် ယင်းကော်မတီက ပျောက်ဆုံးနေသူ ၂၁ ဦးထဲမှ ၆ ဦး၏ မိသားစုဝင်များကို ဇန်နဝါရီလ ၂၃ ရက်နေ့က ကျောက်တော်မြို့နယ် ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် စတင်ခေါ်ယူစစ်ဆေးခဲ့ပြီး စစ်ဆေးရန်ကျန်ရှိသည့် ၁၅ ဦး၏ မိသားစုဝင်များကိုမှု ဇန်န၀ါရီလ ၂၄ ရက်နေ့တွင်ခေါ်ယူစစ်ဆေးခဲ့သည်။ပျောက်ဆုံးနေသူများ၏မိသားစုဝင် ၂၁ ဦးကိုစစ်ဆေးမေးမြန်းပြီးနောက် ကော်မတီအဖွဲ့ဝင် ၃ ဦးက မိသားစုဝင်များ၏သဘောထားများကို ဆန္ဒပြုပြီးစာတစ်စောင်ရေးကာ ကော်မတီဥက္ကဌဖြစ်သူကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးကျော်၀င်ကတစ်ဆင့် မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှုးထံသို့ စာတင်ခဲ့သော်လည်း စာနှင့်ပတ်သက်၍တစုံတရာအကြောင်းပြန်လာခြင်းမရှိသေးဟု ယင်းကော်မတီအဖွဲ့၀င် တင်းမကျေးရွာသားဦးထွန်းသိန်းကပြောသည်။” မိသားစု၀င်တွေရဲ့ထွက်ဆိုချက်တွေနဲ့ပတ်သက်လို့စာတစ်စောင်ရေးလို့ မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှုးကို ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှုးက စာပေးပို့လိုက်ပြီးဖြစ်တယ်၊ဒါပေမဲ့ ခရိုင်ကစာနဲ့ပတ်သက်လို့ဘာမှအကြောင်းပြန်မလာသေးဘူး၊အခုတော့ အဲဒီကိစ္စကတိတ်ဆိတ်နေတယ်” ဟု ပြောသည်။‌လက်ရှိအချိန်တွင် စုံစမ်းစစ်ဆေးရေးကော်မတီကမိသားစု၀င်များကို စုံစမ်းစစ်ဆေးနေမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာအကြောင်း မကြားလာခြင်းမရှိသလို ပျောက်ဆုံးနေသူများမှာလည်း တစ်နှစ်ပြည့်တော့မည်ဖြစ်ကြောင်း ပျောက်ဆုံးနေသူကိုနေလင်းဦး၏ဖခင်ဖြစ်သူဦးမောင်ကျော်၀မ်းကပြောသည်။”ကော်မတီကကျွန်တော်တို့ကို ဘာတစ်ခုမှအကြောင်းမကြားလာဘူး၊ တိတ်ဆိတ်နေတယ်၊ကော်မတီကစစ်ဆေးဖို့တာ၀န်ရှိတယ်၊ သူတို့ကမစစ်ဆေးလည်းကျွန်တော်တို့ကဘာမှတစ်တတ်နိုင်ဘူး၊အခုဆိုရင် ပျောက်ဆုံးနေတဲ့သူတွေတစ်နှစ်ပြည့်တော့မယ်” ဟု ပြောသည်။ပျောက်ဆုံးနေသူ ဦးမောင်ကြည်လင်း၏အစ်မဖြစ်သူ ဒေါ်မြ၀င်းကြည်က “ကျွန်မတို့မောင်‌လေးက သေသွားပြီးလား၊ ရှိသေးလားဆိုတာကိုပဲသိချင်တာ၊ သေသွားပြီးဆိုရင်လည်း အလှုဒါနတွေလုပ်ပေးရမယ်၊ အခုကဘာတစ်ခုမှမသိရတော့ ကျွန်မတို့မှာ သူတို့နဲ့ပတ်သက်လို့ ဘာလုပ်ရမှန်း မသိဖြစ်နေတယ်၊ ကော်မတီကလည်းဘာတစ်ခုမှ အသံမထွက်ကြဘူး” ဟု ပြောသည်။ပြီးခဲ့သည့် မတ်လ ၁၃ ရက်နေ့တွင် တင်းမ(သစ်)ကျေးရွာမှ ၈ ဦးကိုလည်းကောင်း၊ မတ်လ (၁၆) ရက်နေ့တွင် တင်းမ(ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့ကို ကျေးရွာအနီးရှိတောင်ရှည်တောင်၌တပ်စွဲထားသည့် တပ်မ(၅၅) က တပ်မတော်သားများက ကျေးရွာအတွင်းသို့၀င်ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစု၀င်များကပြောသည်။တင်းမ (သစ်) ကျေးရွာမှ ဖမ်းဆီးခံရသူ ၈ ဦးမှာ ဦးမောင်စိန်ကြီး၊ ဦးလှကျော်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးစံသာမောင်၊ ဦးမောင်မြအေးနှင့် ဦးစောရွှေသန်းတို့ဖြစ်သည်။ထို့အတူ တင်းမ (ကြီး) ကျေးရွာမှ ၁၀ ဦးနှင့် ဘုန်းတော်ကြီးကျောင်းတွင် အစောင့်အဖြစ်ကျန်ရစ်ခဲ့သူ ၃ ဦးတို့မှာ ဦးမောင်ကြည်လင်း၊ ကိုနေလင်းဦး၊ ဦးမောင်ဝင်းကြီး၊ ဦးမောင်ဝင်းချေ၊ ဦးမောင်စိန်ဝင်း၊ ဦးအောင်ညွှန့်၊ မောင်ထွန်းထွန်းဝင်း၊ ဦးယဉ်မောင်၊ ဦးသန်းမောင်ထွန်း၊ ဦးထွန်းမောင်ဝင်း၊ ဦးထိပ်စု၊ ဦးအောင်သာဘန်းနှင့် ဦးဇော်မျိုးနိုင်တို့ဖြစ်သည်။တင်းမကျေးရွာသားများအား ဖမ်းဆီးသွားသည့်ကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့မှ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားစာပေးပို့ခဲ့ရာ ရွာသားများကို တပ်မတော်အနေဖြင့် ဖမ်းဆီးခေါ်ဆောင်မှုများမရှိကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့က အကြောင်းပြန်ခဲ့ကြောင်းလည်းသိရသည်။

https://www.facebook.com/102405104899336/posts/241906320949213/

Leave a Reply

Your email address will not be published.