By Western News/ 2021 May 24

စစ်ဘေးရှောင်များအနေဖြင့် မိမိတို့နေရပ်သို့ပြန်သွားမည်ဆိုပါက စစ်ကောင်စီအနေဖြင့်အစစအရာရာ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှက ပြောသည်။
သို့သော်လည်း စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ဒေသသို့ပြန်မည်ဆိုပါက ကျေးရွာအနီးနှင့် တောင်ပေါ်တို့၌ တပ်စွဲထားသည့်တပ်မတော်စခန်းများကိုပြန်လည်ရုတ်သိမ်းပေးမှသာပြန်နိုင်မည်ဖြစ်ကြောင်းပြောဆိုကြသည်။တပ်မတော်ကဘုရား၊ ပုထိုး၊ စေတီများနှင့် ရဲစခန်းတို့၌ တပ်စွဲထားခြင်းကို ပြန်လည်ရုပ်သိမ်းရန် မဖြစ်နိုင်သေးဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ လူမှုကူညီရေးအဖွဲ့အစည်းများမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် စစ်ဘေးရှောင်များကို Western News ကမေးမြန်းထားသည်ကိုဖော်ပြလိုက်သည်။
ကိုအမ်းသားကြီး (ဥက္ကဌ)သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့
စစ်ဘေးရှောင်အကုန်လုံးကိုတော့မဆိုလိုဘူး။ စစ်ဘေးရှောင်တွေထဲမှာလည်း တစ်ချို့တစ်ဝက် ပြန်လို့ရတဲ့သူတွေရှိတယ်။ စစ်ကောင်စီကလည်း အိမ်တွေဆောက်ပေးမယ်။ စားနပ်ရိက္ခာလည်း တစ်လစာထောက်ပံ့ပေးမယ်လို့ ပြောထားတာတွေရှိတယ်။ အဲ့တော့ နေရပ်ပြန်လို့ရနိုင်တဲ့သူတွေ၊ ပြန်လို့ရတဲ့ရွာက သူတွေကို ပြန်စေချင်တယ်။ စစ်ကောင်စီကပေးထားတဲ့ကတိအတိုင်း လုပ်ပေးမယ်ဆိုရင်တော့ ပြန်လို့ရနိုင်တဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့တိုက်တွန်းချင်ပါတယ်။
ဒီကယ်ဆယ်ရေးစခန်းတွေမှာက ဘယ်သူကမှ နေချင်လို့လာနေကြတာမဟုတ်ဘူးလို့ယူဆတယ်။ တိုက်ပွဲတွေကြောင့်စစ်သားတွေကို ကြောက်လို့ လာနေကြတာဖြစ်တယ်။ ခုတိုက်ပွဲတွေလည်းမရှိတော့တဲ့အချိန်မှာ ကိုယ်ရပ်ရွာတွေကို ပြန်သင့်တယ်လို့မြင်တယ်။ တကယ်လို့ စစ်သားတွေကို ရပ်ရွာတွေကို ဝင်ပြီး အနှောက်အယှက်ပေးသေးတယ်ဆိုရင် ကယ်ဆယ်ရေးစခန်းတွေကို ပြန်လာလို့ရတယ်။
ကျွန်တော်တို့ မင်းပြားဖက်မှာက စစ်ဘေးရှောင်တွေက နေရပ်ပြန်ချင်ကြတယ်။ ဒါပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် မပြန်ဖြစ်တာတွေလည်းရှိတယ်။ ဥပမာ သလူချောင်းရွာကသူတွေက ပြန်ချင်ကြတယ်။ သူလူချောင်းရွာက ချောင်းဖျားမှာဆိုတော့ မင်းဖူးတောင်မှာ တပ်စွဲထားတဲ့ တပ်မတော်က အနှောက်အယှက်ပေးမလားပေါ့ စိုးရိမ်ကြလို့ မပြန်ရဲကြဘူး။ ဖားပြိုကျေးရွာကလည်း ပြန်ချင်ကြတယ်။ ဒါပေမယ့် အိမ်တွေ မီးရှို့ဖျက်ဆီးခံထားရတော့ ပြန်လို့မရကြဘူး။ အဲ့လို အခက်အခဲတွေကြောင့် မပြန်ဖြစ်ကြဘူး။ အဲဒါထက်ဆိုးတာတစ်ခုက ဒေသခံတွေက တောတောင်တွေကို မှီခိုပြီးလုပ်စားကြရတာ။ တောတောင်တွေမှာ တပ်မတော်သားတွေ ရှိတော့ မပြန်ဖြစ်ကြဘူး။ အကောင်းဆုံးကတော့ ရပ်ရွာနားတွေက တပ်မတော် တပ်စခန်းတွေကို ရုပ်သိမ်းပေးရင်တော့ စစ်ဘေးရှောင်တွေကို ဒီမှာနေပါဆိုရင်တောင် နေကြမှာမဟုတ်ဘူး။ အားလုံးပြန်ကြမှာဖြစ်တယ်။
ဦးထွန်းသာစိန် (ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
မြောက်ဦးမြို့နယ်စစ်ဘေးရှောင်တွေနဲ့ပတ်သက်လို့ လေ့လာကြည့်တဲ့အခါ ၃ မျိုးတွေ့ရတယ်။ ၁ နေရပ်ကို ပြန်လိုတဲ့စစ်ဘေးရှောင်တွေရှိကြတယ်၊ ၂ မပြန်ချင်တဲ့ စစ်ဘေးရှောင်တွေရှိကြတယ်။ ၃ နေရပ်ကိုမပြန်ရဲ့တဲ့ စစ်ဘေးရှောင်တွေလည်းရှိကြတယ်။ တချို့ကတော့ သူတို့မှာလယ်တွေ၊ မြေတွေ၊ ဥယာဉ်ခြံတွေရှိကြတယ်။ အဲဒီစစ်ဘေးရှောင်တွေကတော့ မိုးမကျမီကိုယ့်ရဲ့ လယ်ယာတွေ၊ မြေတွေကိုလုပ်ဖို့ပြန်မှာပါပဲ။ တချို့ကတော့ သူတို့ပြန်မယ့် ရွာအနီးမှာ တပ်ကနေရာယူထားတော့ သူတို့မပြန်ရဲ့ကြဘူး၊ နောက်တချို့ ကျတော့ ဆွေမျိုးတွေမရှိကြဘူး။ သားသမီးတွေလည်းမရှိကြဘူး။ ပြုစုစောင့်ရှောင့်မယ့်လူ၊ ထောက်ပံ့ပေးမယ့်လူတွေ မရှိကြတဲ့ မုဆိုးမတွေအနေနဲ့ပေါ့။ သူတို့တွေက နေရပ်ကိုမပြန်ချင်ကြဘူး။ ဒီနေရာမှာလောလောဆယ် အဆင်ပြေတယ်။ နေရထိုင်ရတာလည်း အခက်အခဲမရှိဘူး။ ကျန်းမာရေးစောင့်ရှောင့်မူတွေလည်းရှိနေတယ် ဆိုတော့ သူတိုတွေ မပြန်ကြဘူး။ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာဆိုရင်လင်းမြွေတောင် အနီးအနားမှာဆိုတော့ စစ်တပ်မတော်ကနေရာယူထားတာရှိတယ်။ သူတို့ရွာကထိခိုက်ဒဏ်ရာရ သူတွေရှိတယ်ခဲ့ဖူးတယ်။ အဲဒီတော့မပြန်ရဲ့ကြဘူး။ နောက်ပြီးတော့ သင်းကျိတ် တောင်ဘုရားအနီး တဝိုက်မှာလည်း တပ်မတော်ကနေရာယူထားတာရှိတယ်။ အဲဒီဘုရားရဲ့အောက်မှာ ပေါက်တောပြင်နဲ့ ဝေသာလီ ဆိုတဲ့ရွာတွေရှိတယ်။ အဲဒီရွာကလူတွေကလည်းမပြန်ရဲ့ကြဘူး။
ဦးလပြည့်အောင် (စစ်ဘေးရှောင်တစ်ဦး)
တိမ်ညိုစစ်ဘေးရှောင်စခန်းစစ်ဘေးရှောင်တစ်ယောက်အနေနဲ့ပြောရမယ်ဆိုရင် သူတို့ပြန်ခိုင်းတာကတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အရင်ခံစားခဲ့ရတာတွေကိုပြန်ကြည့်ရင် ကျွန်တော်တို့ ဘယ်လို့မှမပြန်ရဲဘူး။ မပြန်ရဲဆိုတာက တစ်ချိန်က လင်းမြွေတောင်က ပစ်တဲ့လက်နက်ကြီးတွေ၊ သင်းကျိတ်တောင်ကပစ်တဲ့လက်နက်ကြီးတွေကြောင့် ကျွန်တော်တို့ နေ့စဉ် အထိတ်တလန့်နဲ့ ကြောက်ကြောက်လန့်လန့်နဲ့ နေခဲ့ရတာ။ အခု ကျွန်တော်တို့ ပြန်သွားရင်လည်း အဲဒီ လင်းမြွေတောင်က စခန်းနဲ့သင်းကျစ်တော်တောင်က စခန်းက လက်နက်ကြီးတွေ မပစ်တော့ဘူးလို့ ကျွန်တော်တို့ပြောလို့မရဘူး။ အဲ့ဒီသံသယတွေနဲ့ ကျွန်တော်တို့ အမှန်တကယ်မပြန်ရဲဘူး။ ကျွန်တော်တို့ပြန်ရမယ်ဆိုရင်လည်း ကျွန်တော်တို့ ဆုံးရှုံးသွားတဲ့ အိုးအိမ်အလုပ်အကိုင်တွေ၊ ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေးဆုံးရှုံးမှုတွေကို ပြန်လည်းတည်ဆောက်ဖို့ အနည်းဆုံး ၆ လစာ၊ ၁ နှစ်စာလောက် ထောက်ပံ့ပေးဖို့လိုအပ်တယ်။ အဲတာတောင်မှ ကျွန်တော်တို့ ပြန်ရဲကြမှမဟုတ်သေးဘူး၊ စစ်သားတွေရှိနေရင်၊ အမှန်ကို ဝန်ခံရရင် သင်းကျစ်တော်တောင်တို့ လင်းမြွေတောင်တို့က တပ်နယ်မြေမဟုတ်ဘူး။ ကျွန်တော်တို့ဖက်မှာ ၃၇၈ တို့၊ ၃၇၇ တို့ ၅၄၀ တို့ရှိတယ်။ အဲတပ်တွေက သူတို့တပ်နယ်မြေတွေကို မပြန်ဘဲနဲ့ သင်းကျစ်တော်တောင်တွေမှာ တပ်စွဲနေမယ်ဆိုရင် ကျွန်တော်တို့ အမှန်မပြန်ရဲဘူး။
ဦးလှမောင်ကျော်(စစ်ဘေးရှောင်တစ်ဦး)
ညောင်ချောင်းစစ်ဘေးရှောင်စခန်းကျွန်တာ်တို့နေရပ်ကိုပြန်မယ်ဆိုရင် စားဝတ်နေရေး အခက်အခဲတွေကိုဖြေရှင်းပေးစေချင်တယ်။ မနှစ်ကဆိုရင် မိုးရာသီအတွင်းက လယ်ယာမြေတွေ တခုမှ လုပ်မရလိုက်ဘူး။ လယ်ယာမြေတွေ၊ အိုးအိမ် ဆုံးရှုံးမူတွေ အများကြီးပါပဲ။ အဲဒါတွေကိုစစ်အစိုးရ အနေနဲ့ပြန်လည်တည်ဆောက်ပေးစေချင်ပါတယ်။ စားနပ်ရိက္ခာတွေကိုလည်းပြည်ပြည့်စုံစုံပေးမယ်။ နောက်ပြီးရွာအနီးအနားမှာရှိတဲ့ တပ်တွေကိုဆုတ်ပေးစေချင်တယ်။ မိုင်းဆံတွေ ၊ လက်နက်ခဲယမ်းတွေကိုပြန်ပြီးရှင်းလင်းပေးစေချင်တယ်၊ အဲဒီလိုပြဿာနာတွေကို ဖြေရှင်းပေးမယ်ဆိုဖထရင်တော့ ကျွန်တော်တို့အနေနဲ့ပြန်လို့ရမှာပါ။ နေအိမ်တွေကိုလည်း ပြန်လည်တည်ဆောက်ပေးစေချင်တယ်။ ကိုယ့်အိမ်ကိုယ် လူတိုင်းကပြန်ချင်ကြပါတယ်။ စစ်ရှောင်စခန်းတွေမှာ မတတ်သာလို့သာနေရတာပါ။ ကျွန်တော်တို့တောင်းဆိုချက်တွေကို လုပ်ဆောင်ပေးရင်တော့ပြန်မှာဖြစ်တယ်။
ကိုဘက္ကာ (ဥက္ကဌ) ကိုဘက္ကာနှင့် ညီအစ်ကိုမောင်နှမများပရဟိတအဖွဲ့၊
ရသေ့တောင်မြို့၊စစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့က ကျွန်တော်တို့ ရသေ့တောင်ဖက်မှာတော့မဖြစ်နိုင်သေးဘူး။ ထီးစွဲ၊ အောင်သာစည်၊ ကျောက်တန်းစတဲ့ရွာတွေ၊ နောက်ပြီး ရီစိုးချောင်း၊ ဆောက်ခက်ရွာတွေမှာ သူတို့တပ်စွဲထားတုန်းပဲ။ အဲ့ကျေးရွာတွေမှာ တပ်စွဲနေရာယူထားတော့ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သေးဘူး။ ရသေ့တောင်မြို့နဲ့ နီးနီးလေးဖြစ်တဲ့ သောင်းဒရား ကန်ပြင်ရွာတွေကို သွားရင်တောင်မှ စစ်တပ်စစ်ဆေးရေးဂိတ်တွေမှာ မှတ်ပုံတင်တွေထားခဲ့ရတာတွေ၊ စစ်ဆေးတာတွေရှိတယ်။ မြစ်ကြောင်း၊ ရေကြောင်းနဲ့သွားရင်လည်း တပ်နေဗီမှာ ကြိုပြီးတော့ သတင်းပေးရတာတွေရှိသေးတယ်။ အဲလို့ဆိုတော့ ပြန်ဖို့အတွက် လုံးဝမဖြစ်နိုင်ဘူး။ မြောက်ဦးတိမ်ညိုဖက်မှာလည်း အဲလိုအခြေအနေတွေရှိတော့ စစ်ဘေးရှောင်တွေက နေရပ်ပြန်ဖို့မဖြစ်နိုင်ဘူး။ပြီး
https://www.facebook.com/102405104899336/posts/254544713018707/