By Narinjara/ 2021 March 27
ချစ်အိလှိုင်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ၊ မိဇံရပ်ကွက်၊ BXT ကိုရီယားဆိပ်ကမ်းတွင် အဓိဋ္ဌာန် ဆရာတော် အရှင်ဘုရားကြီး တည်ထားသည့် ရန်ပြေ၊မာန်ပြေ ဘုရားကို ယနေ့ နံနက် ၇ နာရီခန့်က ဒုတိယဌာပနာ ထည့်သွင်းပွဲကို ကျင်းပပြုလုပ်ရာ လူ ၁ဝဝဝ ကျော်လာရောက် ဖူးမျှော် ပူဇော်ခဲ့ကြသည်ဟု သတင်းရရှိသည်။
အဓိဋ္ဌာန်ဆရာတော်အရှင်ဘုရားကြီးက “အများသားတွေ ကုသိုလ်တရားပွားများစေရန်အလို့ငှာ။ အများသားသမီးတွေ စိတ်အေးချမ်းစေရန် အလိုငှာ ဒီဘုရားကို တည်တာပါ။ဒီနေ့ပွဲမှာ ဒုတိယ ဌာပနာဆိုထည့်တာက ဘုရားဆင်းထုများ၊ ရွှေ၊ ငွေ၊ စိန်၊ ကျောက်စသော ရတနာပစ္စည်းများ၊ ဘုရားဆင်းထုတော်များ၊ အများကြီးပဲပါတယ်” ဟုနိရဉ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။
ဘုရားမှာထိုင်တော်မူဆင်းတုတော်ဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ မြေပြင်မှ ဦးတော်ထိပ်အထိ ၇၂ ပေခန့်ရှိကြောင်း၊ ပထမ ဋ္ဌာပနာကို အုတ်မြစ်ချပွဲကို လွန်ခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလတွင် ကျင်းပခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ နာယက ဦးလှမြင့်က ဆိုသည်။
“ လူတွေက အခမ်းအနားပြုလုပ်တဲ့ ခမ်းမထဲမှာတောင် ရှစ်ရာကျော်လောက်ရှိတယ်။ အပြင်မှာလည်း အများကြီးပဲ။ တစ်ထောင်ကျော်မယ်။ ဋ္ဌာပနာက စိန်တွေ၊ ရွှေတွေ၊လက်ဝတ်လက်စားတွေနဲ့ ဘုရား အရွယ်အစား အမျိုးအမျိုးအများကြီးပဲ ထည့်သွင်းခဲ့တယ်။ ဓာတ်တော်၊ မွေတော်တွေလည်းပါတယ်။ ရွှေတွေက ခန့်မှန်းခြေ ကျပ်သုံးလေးဆယ်လောက်ရှိမယ်။ အတော်စည်ကားပြီး လာတဲ့လူတွေက လက်ဝတ်လက်စားတွေချွတ်လှူကြတာလေ” ဟု ပြောသည်။
ယနေ့ ပြုလုပ်သည့် ဒုတိယဌာပနာထည့်သွင်းပွဲကို အဓိဋ္ဌာန်ဆရာတော်အရှင်ဘုရားကြီးနှင့် ပင့်သင်္ဃာ ၁၄ ပါးအား ပင့်ဖိတ်၍ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။
https://www.facebook.com/151742128171206/posts/4169190206426358/