စစ်တွေတွင် ပညာရေးစကားဝိုင်းပြုလုပ်သည့် ကျောင်းသား ၄ ဦးဖမ်းဆီးခံရ၊ ၂ ဦးကို ဆက်လက်ထိန်းသိမ်းထား

By Western News/ 2021 March 7

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေပွိုင့်ကမ်းခြေအနီး လမ်းဘေးပလက်ဖောင်းတွင် ပညာရေးစကားဝိုင်း ပြုလုပ်ရာတွင်ပါဝင်သည့် ကျောင်းသား ၄ ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၂ ဦးကိုပြန်လည်လွှတ်ပေးခဲ့သည်သော်လည်း ၂ ဦးကို ယနေ့ည ၈ နာရီအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိသေးဟုသိရသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကိုအောင်မင်းထွန်း၊ ကိုထွန်းလင်း(ပီချောင်းအင်စတီကျုပရိုဂရမ်ဒါရိုက်တာ)နှင့် ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂမှ ကိုခိုင်စိုးလင်းနှင့် ကိုဘုန်းပြည့်ဖြိုးတို့ဖြစ်သည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများထဲမှ ကိုခိုင်စိုးလင်းနှင့် ကိုဘုန်းဖြိုးတို့ကို မတ်လ ၇ ရက်နေ့ ယနေ့ညနေ ၇ နာရီခွဲအချိန်က ပြန်လွှတ်ပေး လိုက်သော်လည်း ကျန်နှစ်ဦးကို ယနေ့ည ၈ နာရီအချိန်ထိပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း နိုင်ငံရေးသိပ္ပံမဟာတန်း၊ ဒုတိယနှစ် တက်ရောက်သင်ကြားနေသူတစ်ဦးလည်းဖြစ်သည့် ကိုကျော်လင်းကပြောသည်။
“သူတို့ကတို့ စစ်ဆေးဖို့၊ ပြောပြဖို့ခေါ်တဲ့ပုံစံမျိုးဖြစ်တယ်။ နှစ်ယောက်ကိုတော့ လွှတ်လိုက်ပြီ။ လွတ်လာတဲ့သူတွေကတော့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုခိုင်စိုးလင်းနဲ့ ကိုဘုန်းပြည့်ဖြိုးတို့နှစ်ယောက်ဖြစ်တယ်။ လွတ်လာတဲ့ နှစ်ယောက်ကတော့ ဟောပြောတဲ့အထဲမှာမပါဘူး။ ဟောပြောခဲ့တဲ့နှစ်ဦး(ကိုအောင်မင်းထွန်းနှင့်ကိုထွန်းလင်း(ပီချောင်းအင်စတီကျုပရိုဂရမ်ဒါရိုက်တာ) ကတော့ ပြန်လွတ်လာခြင်းမရှိသေးဘူး။ သူတို့နှစ်ယောက်ကတော့ ပညာရေးနဲ့ပတ်သတ်ပြီး ဟောပြောခဲ့တဲ့သူတွေဖြစ်တယ်”ဟု ကိုကျော်လင်းကပြောသည်။
အဆိုပါ ပညာရေးစကားဝိုင်းကို ယနေ့ ညနေ ၅ နာရီကျော်အချိန်ခန့်ကစစ်တွေပွိုင့်ကမ်းခြေအနီးတွင်ရှိသည့် အဝိုင်း(သုံးခွဆုံ) လမ်းဘေးပလက်ဖောင်းတွင်ရခိုင်ပြည်နယ်အတွင်းမှ ကျောင်းသားလူငယ်များက ဦးဆောင်ကာပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ Western News က စစ်တွေအမှတ် ၁ ရဲစခန်းကို သွားရောက်ခဲ့ရာတွင် ရဲတပ်ဖွဲ့မှ တွေ့ခွင့် မပေးသလို ရဲစခန်းသို့လာရောက်သူများအား နေအိမ်ပြန်ရန်ပြောဆိုခဲ့သည်။

https://www.facebook.com/102405104899336/posts/244550357351476/

Leave a Reply

Your email address will not be published.