စစ်ကောင်စီက ညွှန်ကြားချက်မရရှိသေးသဖြင့် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရသူများ ပြန်မလွတ်လာသေးခြင်းဟုဆို

By Western News/ 2021 March 13

ရက္ခိုင့်တပ်တော်ကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ရုပ်သိမ်းကြောင်းကြေညာပြီးနောက် ရခိုင်မှအကြမ်းဖက်ပုဒ်မများဖြင့် ဖမ်းဆီး တရားစွဲ ခံထားရသည့်လူပေါင်း ၆၀၀ ဝန်းကျင်မှာ ပြန်လွတ်လာမည်ဟု မိသားစုဝင်များကမျှော်လင့်နေကြသည်။ရက္ခိုင့်တပ်တော်ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်လိုက်သည့်အတွက် အကြမ်းဖက်ပုဒ်မဖြင့်တရားစွဲဆိုခံထားရသူများ အပေါ်စွဲဆိုထားသည့်အမှုများကို ရဲတပ်ဖွဲ့ကပြန်လည်ရုတ်သိမ်းပေးရမည်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့မှာ ယခုအချိန်ထိပြန်လွတ်လာမှုမရှိသေးပေ။လက်ရှိအချိန်ထိ တရားစွဲဆိုခံထားရသူများကိုပြန်လွတ်ပေးမည့်ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံသို့အာဏာသိမ်းစစ်ကောင်စီက တစ်စုံတစ်ရာညွှန်ကြားပေးမှုမရှိသေးသည့်အတွက် ပြန်မလွတ်ပေးခြင်းဖြစ်သည်ဟု တရားလွှတ်တော်ရှေ့ နေဦးအောင်ကျော်စိန်က ပြောသည်။” အကြမ်းဖက်ကပယ်ဖျက်လိုက်တယ်ဆိုတော့ ပုံမှန်အတိုင်လုပ်ရိုးလုပ်စဉ်အရဆိုရင် ရဲတပ်ဖွဲ့ကတရားစွဲဆိုခံထားရတဲ့ သူတွေရဲ့အမှုတွေကိုရုတ်သိမ်းပေးရမှာဖြစ်တယ်။ အမှုကိုရုတ်သိမ်းပေးရမယ်ဆိုတာကလည်း ကြားရတဲ့သတင်းအရ ရဲကို စစ်ကောင်စီကနေပြီးတော့ ဘာတစ်ခုမှညွှန်ကြားမှုမပေးသေးဘူး။ အဲဒါကြောင့် ရဲကနေပြီးတော့ ဘာလုပ်ရမှန်းမသိသေးဘူး ဖြစ်နေတယ်လို့ တရားရုံးကပြောတယ်။ ဒါကြောင့် ပြန်မလွတ်လာသေးတာ။ အခုကလွတ်ငြိမ်းချမ်းသာခွင့်ပေးတာ မဟုတ်ဘူးလေ။ တရားရုံးကအမှုစစ်ဆေးနေတဲ့ကိစ္စဖြစ်တယ်။ ဒီရက်ပိုင်းထဲမှာ ဘာတွထူးခြင်းလာမလဲဆိုတာကိုစောင့်ကြည့်ရမယ်ဖြစ်တယ်” ဟု ပြောသည်။ရက္ခိုင့်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်လိုက်ပြီးနောက် အကြမ်းဖက်ဥပဒေနှင့် ဖမ်းဆီးထားသူများအား လွှတ်ပေးရန် ရှိမရှိကို ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်ကို Western News ကမေးမြန်းရာ သူအနေနဲ့ အဆိုပါကိစ္စကိုပြော၍ မရကြောင်းနှင့် ပြည်ထဲရေးကဆောင်ရွက်နေကြောင်း ပြန်လည်ဖြေဆိုသည်။ ကျောက်ဖြူမြို့နယ်၊ စနဲ့မြို့၊ ရွှေဟင်္သာရပ်ကွက်နေ ဦးအောင်လင်းထွန်းနှင့် ဦးငြိမ်းတောက် ၂ ဦး မှာ ကျွန်းတောင်ပိုက်ဆိပ်၌ အလုပ်လုပ်ကိုင်နေစဉ် တပ်မတော်မှ ဖမ်းဆီးသွားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)/၅၂(က)တို့ဖြင့် ကျောက်ဖြူမြို့မရဲစခန်း၌အမှုဖွင့်ခံထားရသည်မှာ ၄ လနီးပါးရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုကြသည်။ဦးအောင်လင်းထွန်း၏ ဇနီးဖြစ်သူ ဒေါ်ရီရီအောင်က ဖမ်းဆီးသွားသည့်အချိန်ကစ၍ သူမ၏ ယောက်ျားဖြစ်သူနှင့်တွေ့ခွင့်မရသည်မှာ ၄ လနီးပါးရှိနေပြီဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း AA ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်ပေးလိုက်ပြီဖြစ်သဖြင့် ၎င်းတို့မှာ ပြန်လွတ်လာမည်ဟုပြောဆိုသံများကိုကြားနေရသော်လည်း ပြန်မလွတ်လာသေးဟု ဆိုသည်။ရက္ခိုင့်တပ်တော်နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ပုဒ်မတို့ဖြင့်တရားစွဲခံထားရကာအမှုရင်ဆိုင်နေကြရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးကို မတ်လ ၁၂ ရက်နေ့ကရုံးထုတ်သော်လည်း တရားလိုပြသက်သေမရောက်ရှိသဖြင့် ရုံးချိန်းကို ထပ်မံရွှေ့ဆိုင်လိုက်ရသည်။အဆိုပါ ၅ ဦး၏မိသားစုဝင်များက တရားရင်ဆိုင်နေကြရသူများမှာ AA နှင့် ဆက်စပ်မှုမရှိကြောင်း၊ လက်ရှိအချိန်တွင်လည်း AA ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်ပေးလိုက်ပြီဖြစ်သည့်အတွက် သူတို့ ၅ ဦးကိုအမြန်ဆုံးပြန်လွတ်ပေးစေလိုကြောင်း တောင်းဆိုနေကြသည်။၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်အဖြစ်ကြေညာခံထားရသော ရက္ခိုင့်တပ်တော်ကို ကြေညာထားသောအကြမ်းဖက်အဖွဲ့အဖြစ်ကပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/248505370289308/

Leave a Reply

Your email address will not be published.