By Narinjara/ 2021 March 26
ဆောင်းဇာခြည်

ဂျပန်မှ လှူဒါန်းထားသည့် ကစ္ဆပနဒီ (၂) ရေယာဉ်ဖြင့် ကျောက်ဖြူ-တောင်ကုတ်အကြား မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး တစ်ပတ်တစ်ကြိမ် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းရေကြောင်းလိုင်းမှာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန်နှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် ရည်ရွယ်ပြီး ပထမဆုံး စတင်ပြေးဆွဲမည့် ရေကြောင်းလိုင်းဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရခိုင်ဌာနခွဲ) လ/ထ အထွေထွေမန်နေဂျာ ဦးအောင်လင်းက ပြောသည်။
“ကျွန်တော်တို့ ကျောက်ဖြူနဲ့ တောင်ကုတ်ကို ပထမဆုံးစဆွဲမှာပါ။ လောလောဆယ်တော့ အဲဒီ တစ်လိုင်းပဲ ဆွဲပါသေးတယ်။ တစ်ပတ်မှာ တစ်ရက်ပဲ ပြေးဆွဲမှာပါ။ ခရီးသည်တွေကိုတော့ ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့အတိုင်း ယာဉ်ပေါ်မှာ မာစ့်တွေ ဝေသွားပါမယ်” ဟု ပြောသည်။
ကစ္ဆပနဒီ (၂) မှာ လာမည့် ကျောက်ဖြူ-တောင်ကုတ်ကို မတ်လ ၂၇ ရက် (တနင်္ဂနွေ) နေ့တွင် စတင်ပြေးဆွဲသွားမည်ဖြစ်ပြီး ရက်သတ္တပတ်တွင်ပုံမှန် တနင်္ဂနွေနေ့တစ်ရက်တည်းသာ ပြေးဆွဲမည်ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ကစ္ဆပနီ (၂) အနေဖြင့် ကျောက်ဖြူ-တောင်ကုတ်ကို စတင်ပြေးဆွဲနေမည်ဖြစ်ပြီး ကျန်မြို့နယ်များအား ပြေးဆွဲရန် အဆင်သင့်မဖြစ်သေးသည့်အတွက် ပြန်လည်ပြေးဆွဲနိုင်ရေး ပြင်ဆင်လျှက်ရှိကြကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးမြင့်မောင်က ပြောသည်။
“ပြည်တွင်းရေးကြောင်းက ဆွဲတာပေါ့နော်။ ကျွန်တော်တို့က ရေကြောင်းလိုင်းဆွဲခွင့်အားလုံးကို ပေးလိုက်ပါပြီ။ ပေးတယ်ဆိုတာကလည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက အကုန် ဖွင့်ခွင့်ပေးထားပြီးသားပေါ့။ အခုက ကျောက်ဖြူ-တောင်ကုတ်လိုင်းကတော့ ဆွဲပါတော့မယ်။ တချို့လိုင်းတွေက နားထားတာကြာတော့လေ အဆင်သင့်မဖြစ်သေးလို့ သူတို့ ပြန်ပြင်ဆင်နေကြပါတယ်။” ဟု သူက ပြောသည်။
အဆိုပါ ရေယာဉ်များ ပြေးဆွဲနိုင်ရေးအတွက် ရခိုင်ရှိ ပုဂ္ဂလိက ရေယာဉ်လိုင်းပေါင်းစုံတို့က ဖေဖော်ဝါရီ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းထံ တင်ပြခဲ့ကြပြီးနောက် ယခုကဲ့သို့ ပြန်လည်ပြေးဆွဲခွင့်ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်းမှ ရေယာဉ်လိုင်းများကို ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့ပြီး (၆) လခန့် အကြာတွင် ပြန်လည်ပြေးဆွဲခြင်းဖြစ်ကြောင်းလည်း သိရသည်။
https://www.facebook.com/151742128171206/posts/4164644573547588/