ကျေးရွာအနီးရှိ တပ်မတော် တပ်စခန်းများကို ရုပ်သိမ်းပေးရန် စစ်ဘေးရှောင်များတောင်းဆို

By Western News/ 2021 March 13

ရက္ခိုင့်တပ်တော် AAနှင့် မြန်မာ့တပ်မတော်တို့အကြား ၂ နှစ်နီးပါကြာဖြစ်ပွားခဲ့သောတိုက်ပွဲများအကြား နေရပ်စွန့်ခွာ တိမ်းရှောင်လာခဲ့ကြရသည့် စစ်ဘေးရှောင်ပြည်သူများမှာ နေရပ်ပြန်လိုသည့်အတွက် ကျေးရွာတွင်းနှင့် ကျေးရွာအနီးအနားတွင် တပ်စွဲထားသော တပ်မတော်တပ်စခန်းများကို ပြန်လည်ရုပ်သိမ်းပေးရန် စစ်ဘေးဒုက္ခသည်များနှင့် စစ်ဘေးရှောင်စခန်းတာဝန်ခံများက တောင်းဆိုကြသည်။ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခြင်းများမရှိတော့သဖြင့် စစ်ဘေးရှောင်များအနေဖြင့် မိမိနေရပ်ကိုပြန်လိုနေကြသော်လည်း မြေပြင်အနေအထားတွင် တပ်မတော်သားများက ကျေးရွာများအနီးတွင် တပ်စွဲနေရာယူထားသောကြောင့် နေရပ်ပြန်ရန် ခက်ခဲနေသည်ဟု ရသေ့တောင်မြို့နယ်၊ ‌ရေဘုတ်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဒေါ်လှလှအေးကပြောဆိုသည်။“ကျွန်မတို့က ရွာပြန်ချင်နေတာကြာပြီ။ ဒါပေမယ့် ကျွန်မတို့နေရပ်ပြန်မယ်ဆိုရင် ကျွန်မတို့ရွာနားက ဆောက်ခက်ဆိုတဲ့ရွာမှာ စစ်သားတွေစခန်းချထားတယ်။ အဲ့ဒါအခက်အခဲရှိနေတယ်။ သူတို့ရှိနေရင်ကျွန်တို့က မသွားဝံ့ကြဘူး။ အဲလို ရွာနားမှာ စစ်သားတွေနေတာကို ရုပ်သိမ်းပေးဖို့တောင်းဆိုချင်ပါတယ်” ဟုပြောဆိုသည်။ကျေးရွာများအနီးရှိ တပ်မတော်သားများကို ရုပ်သိမ်းပေးပြီး၊ ဒေသခံပြည်သူများအနေဖြင့် ယခင်လို ကန့်သက်စစ်ဆေးမှုများမရှိဘဲ လွတ်လွတ်လပ်လပ်သွားလာခွင့်ရှိမှ နေရပ်ပြန်နိုင်မည်ဖြစ်ကြောင်း အမ်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးဖြစ်သူ ဦးတင်မိုးကြည် ကပြောသည်။“လမ်းပန်းဆက်သွယ်ရေးကို အစစ်အဆေးမရှိဘဲနဲ့ ကျွန်တော်တို့ အချိန်မရွေးသွားလာလို့ရတဲ့ အနေအထားတစ်ခု ဖြစ်ပေါ်လာမှပဲ ကျွန်တော်တို့ နေရပ်ပြန်နိုင်မှာဖြစ်ပါတယ်”ဟုပြောသည်။မင်းပြားမြို့နယ်၊ အမ်းသားရွာစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုအမ်းသားကြီးက “စစ်‌ဘေးဒုက္ခသည်တွေက တိုက်ပွဲလည်းမဖြစ်တော့တဲ့ အခါမှာ အိမ်ပြန်ချင်ကြတယ်။ ဒါပေမယ့်လို့ ဥပမာ သလူချောင်းကျေးရွာမှာဆိုရင် တပ်က တပ်စွဲထားတဲ့အတွက် ကျေးရွာသားတွေက ရွာကိုပြန်ဖို့အခွင့်အရေးမရ။ ဖားဖြိုဆိုတဲ့ရွာမှာလည်း တပ်ကတပ်စွဲထားတဲ့အတွက် ပြန်လို့မရကြဘူး။ အဲဒါကြောင့် တပ်ကိုလည်း ကျေးရွာထဲမှာမဟုတ်ဘဲနဲ့ သင့်တင့်လျောက်ပတ်တဲ့နေရာ၊ ကျေးရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ တပ်စွဲစေချင်တယ်” ဟုပြောဆိုသည်။တပ်တော်အနေဖြင့် ဘုရား၊ ပုထိုး၊စေတီတို့တည်ရှိရာတောင်ကုန်းများနှင့် ရဲစခန်းတို့၌နေရာယူထားရခြင်းမှာ လုံခြုံရေး အခြေနေအရသာဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်တို့ကနားလည်မှု တည်ဆောက်နေဆဲ ကာလဖြစ်သည့်အတွက် ယင်းနေရာတို့၌ တပ်စွဲထားခြင်းကိုပြန်လည်ရုတ်သိမ်းရန်အစီစဉ်မရှိသေးခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့်အတွက် မြောက်ဦး၊မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့၌ စုစုပေါင်းစစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/248384963634682/

Leave a Reply

Your email address will not be published.