ကျောက်ဖြူ အဝင်/အထွက် စစ်ဆေးရေးဂိတ် ဖျက်သိမ်းရေး အုပ်ချုပ်ရေးအဖွဲ့ဆွေးနွေး

By Development Media Group (DMG) / 2021 March 1၉

ကိုဗစ်ကပ်ရောဂါအတွက် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘုရားအနီးရှိ အဝင်အထွက် စစ်ဆေးရေးဂိတ်ကို ဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၁၉ ရက်နေ့တွင် ကျောက်ဖြူမြို့အုပ်ချုပ်ရေးအဖွဲ့၊ အရပ်ဘက်လူမှုအဖွဲ့များနှင့် မြို့မိမြို့ဖတို့ အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေး ဆွေးနွေးချက်အရ ယင်းအဝင်အထွက် စစ်ဆေးရေးဂိတ် ဖျက်သိမ်းရန် မြို့သူမြို့သားများ၏ လိုလားချက်ကို မြို့နယ်စီမံကောင်စီအနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြပေးမည်ဟု အစည်းအဝေးသို့ မြို့ကိုယ်စား တက်ရောက်ဆွေးနွေးခဲ့သည့် ဦးလှမျိုးကျော်က ပြောသည်။

“ တက်ရောက်လာတဲ့ မြို့နယ်ကိုယ်စားပြုသူတွေနဲ့ မြို့မိမြို့ဖတွေအားလုံးက ဂိတ်ကိုဖျက်ဖို့ သင့်တော်တယ်လို့ အဆိုပြုတင်ပြကြတယ်။ မြို့နယ်ကောင်စီက ပြည်သူတွေရဲ့ သဘောထားကို ခရိုင်ကို တင်ပြမယ်လို့ပြောတယ် ” ဟု ပြောသည်။

ဂိတ်ဖျက်သိမ်းရေး အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၊ တပ်မတော်၊ ရဲ၊ လဝက တို့မှ တာဝန်ရှိသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ မြို့မိမြို့ဖအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရေးဂိတ်မှာ ကိုဗစ်ကြောင့် ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိတွင် ကိုဗစ်နှင့် မသက်ဆိုင်သည့် စစ်ဆေးမှုများ ရှိနေသည်။

ယင်းအပြင် စစ်ဆေးရေးဂိတ်ကို မဖျက်သိမ်းပါက ဒေသခံများမှာ ဆန္ဒဖော်ထုတ်မည်ဟု သတင်းထွက်ပေါ်နေကြောင်း ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက ပြောသည်။

“တကယ်လို့ ဒီဂိတ်ရှိနေမယ်ဆိုရင် ဆန္ဒပြမှုတွေအထိ ဖြစ်လာနိုင်တယ်။ ကျနော်တို့ ကျောက်ဖြူဒေသဟာ ဆန္ဒပြမှုတွေမရှိဘဲ၊ ဂိတ်ကိစ္စတစ်ခုနဲ့ မလိုလားအပ်တဲ့ ဆန္ဒပြမှုတွေဖြစ်လာရင် မြို့လူထုအနေနဲ့လည်းမကောင်း၊ အုပ်ချုပ်ရေးတွေအနေနဲ့လည်း မကောင်းဘူး။ ဒါကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ဒီဂိတ်ကို အပြီးပိုင် ဖျက်သိမ်းစေချင်တယ်” ဟု ဆိုသည်။

ကိုဗစ်နှင့်မသက်ဆိုင်ဘဲ ကားနံပါတ်၊ မှတ်ပုံတင်နံပါတ်နှင့် နေရပ်လိပ်စာတို့ကို စစ်ဆေးနေသည့်အတွက် ဒေသခံများမှာ ပြန်လည်ရုပ်သိမ်းရန် လိုလားနေခြင်းကြဖြစ်သည်။

ယင်း ကျောက်ဖြူအဝင်အထွက် စစ်ဆေးရေးဂိတ်ကို ပြန်လည်ရုပ်သိမ်းထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက မီဒီယာတစ်သို့ခု ဖြေကြားထားသည်။

သို့သော်လည်း ယနေ့တွင် DMG ၏ စုံစမ်းချက်အရ ဆိုင်ကယ်ဖြင့်သွားသည့် ခရီးသွားတစ်ဦးကို စစ်ဆေးခဲ့ပြီး နေ့လည် ၂ နာရီအချိန်ထိ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီသို့ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ယင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက DMG ကို ဖြေကြားခွင့်မရှိကြောင်း ပြောဆိုသည့်အတွက် DMG အနေဖြင့် မေးမြန်းနိုင်ခြင်း မရှိခဲ့ပေ။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/kpu-gate-cl.html

Leave a Reply

Your email address will not be published.