ကျောက်ဖြူအဝင်အထွက် စစ်ဆေးရေးဂိတ်ကို ယနေ့ဖျက်သိမ်း

By Development Media Group (DMG) / 2021 March 20

ကိုဗစ်စစ်ဆေးရေးဂိတ်အဖြစ် ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူမြို့ရှိ ကျောက်တလုံးဘုရားအနီး အဝင်အထွက်ဂိတ်ကို ယနေ့ မတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့် အချိန်တွင် စစ်ဆေးမှုများရပ်တန့်ပြီး ဂိတ်အား ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

အဆိုပါ ဂိတ်အား ဖျက်သိမ်းပေးရေးကို ကျောက်ဖြူ မြို့မိမြို့ဖများမှ တင်ပြမှုများနှင့် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီ၏ ညွန်ကြားချက်ဖြင့် ရုပ်သိမ်းရခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးချမ်းမြေ့စိုးက ပြောသည်။

“ အဲဒီဂိတ်ရုပ်သိမ်းဖို့ကို ဒီကမြို့မိမြို့ဖတွေလည်း တင်ပြတယ်။ ပြည်နယ်ကောင်စီကလည်း ရုပ်သိမ်းဖို့ဆိုပြီး လှမ်းပြောတဲ့အတွက်ကြောင့် ဒီနေ့ ၉ နာရီလောက်ကစပြီး ရုပ်သိမ်းလိုက်တာပါ ” ဟု ၎င်းကပြောသည်။

ကျောက်ဖြူမြို့ ဒေသခံ ဦးလှမျိုးကျော်က “ ဒီဂိတ်ကို အမှန်တကယ်လိုအပ်တဲ့ အချိန်မှာလည်း ဒေသခံတွေဟာ ပူးပေါင်းပါဝင်ပြီးဆောင်ရွက်ပေးကြတယ်။ ဒေသအတွက် အနှောက်အယှက်ပြုတဲ့အချိန် ဒေသခံတွေနဲ့ မြို့သူမြို့သားတွေ မလိုအပ်တဲ့ အချိန်မှာ ဂိတ်ကို ဖျက်ပေးတာဟာ ကောင်းပါတယ်။ ဖျက်လည်း ဖျက်သင့် တယ်လို့မြင်တယ်” ဟု ဆိုသည်။

ယမန်နေ့ကလည်း ကျောက်ဖြူမြို့ အဝင်အထွက်ဂိတ်နှင့် ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အရပ်ဖက်လူမှု အဖွဲ့များနှင့် မြို့မိမြို့ဖများ ဆွေးနွေးခဲ့ကြပြီး ယင်းဂိတ်အား ဖျက်သိမ်းပေးရေးကို မြို့မိမြို့ဖများမှ တင်ပြခဲ့ကြသည်။

သို့သော် ယင်းကျောက်တလုံးဂိတ်တွင် တာဝန်ကျသော ဝန်ထမ်းများနေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အုံများကို ဖြိုဖျက်ရေးနှင့်ပတ်သတ်ပြီး ညွန်ကြားချက်မရရှိသေးကြောင်း ဦးချမ်းမြေ့စိုးက ပြောသည်။

“ အဲတာက အရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေနဲ့ ဆောက်ခဲ့တာဗျာ။ အဲတာကျတော့ လတ်တလောမှာ ဘာဆက်လုပ်ရမလဲဆိုတာကို ညွှန်ကြားချက်မလာသေးဘူး။ ညွှန်ကြားချက်မလာသေးတဲ့အတွက် အကုန်လုံး ဖြိုဖျက်ဖို့ အစီအစဉ်မရှိသေးဘူး။ လောလောဆယ် အဲဒီဂိတ်မှာ တာဝန်ကျတဲ့ ဝန်ထမ်းတွေကိုပဲ ဖြုတ်ထားတာပါ ” ဟု သူကဆိုသည်။

ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါဒုတိယလိုင်းဖြစ်ပွားလာသည့်အချိန်တွင် ကျောက်ဖြူမြို့ အဝင်အထွက်ဂိတ်ကို ကိုဗစ်ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရန် မြို့ခံလူထုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/1970907626394972

Leave a Reply

Your email address will not be published.