ကျောက်ဖြူမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ် ပြန်ရုပ်သိမ်းပေးရန် ဒေသခံများလိုလား

By Development Media Group (DMG) / 2021 March 18

ကိုဗစ်စစ်ဆေးရေးဂိတ်အဖြစ်ဖွင့်လှစ်ခဲ့သည့် ကျောက်ဖြူမြို့၊ ကျောက်တလုံးဘုရားအနီး အဝင်/အထွက်ဂိတ်တွင် ခရီးသွားကားနှင့် ဆိုင်ကယ်များကို ကိုဗစ်နှင့်မသက်ဆိုင်သည့် စစ်ဆေးမှုများရှိနေသည့်အတွက် ပြန်လည်ရုပ်သိမ်းပေးရေးကို မြို့ပေါ်ဒေသခံများနှင့် ခရီးသည်များက လိုလားနေကြသည်။

ကျောက်ဖြူမြို့ဒေသခံ ဦးလှမျိုးကျော်က “ အခု ကိုဗစ်ကာလမရှိတော့တဲ့အချိန်မှာ ကျွန်တော်တို့မြို့အနေနဲ့ (စစ်ဆေးမှု) မလိုအပ်တော့ဘူးလို့ထင်တယ်။ ဒါကို အကြမ်းဖျင်းအနေနဲ့ မြို့ပေါ်ကလည်း ဒေသဆိုင်ရာအာဏာပိုင်တွေကို ပြောပြီးပြီ။ ဒါပေမယ့် သူတို့ကတော့ မရုပ်သိမ်းသေးဘူးပေါ့။ ဒီဂိတ်က ပြည်သူတွေကို အနှောက်ယှက်ဖြစ်စေတဲ့အတွက် မလိုအပ်တော့ဘူးဆိုရင် ရုပ်သိမ်းသင့်နေပြီလို့မြင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်၌ ကိုဗစ်ရောဂါ ဒုတိယလှိုင်းဖြစ်ပွားလာသည့်အချိန်တွင် ကျောက်ဖြူမြို့ အဝင်/အထွက်ဂိတ်ကို ကိုဗစ်ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် စစ်ဆေးမှုများပြုလုပ်ရန် မြို့ခံလူထုများနှင့် ဒေသဆိုင်ရာအာဏာပိုင်များမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါဂိတ်၌ ရဲတပ်ဖွဲ့ဝင်များက ခရီးသွားကားများကို စစ်ဆေးခြင်း၊ ကားနံပါတ်၊ မှတ်ပုံတင်နံပါတ်၊ နေရပ်လိပ်စာများကို စစ်ဆေးမှုများပြုလုပ်နေသည့်အတွက် ခရီးသွားများအနေဖြင့် အချိန်ကြန့်ကြာမှုများရှိနေသဖြင့် အဆင်မပြေမှုများရှိနေသည်ဟု အမည်မဖော်လိုသည့် ကားသမားတစ်ဦးက ပြောသည်။

“ ပုံမှန်သွားနေကြအတိုင်း စစ်ဆေးခံတဲ့အချိန် ကားတွေရှင်းနေရင်သိပ်ပြဿနာမရှိဘူး။ တခါတလေကျရင် ခရီးသည်တွေနဲ့ ရွာကနေ လူနာတွေတင်လို့လာရင် ကိုယ့်ကားရှေ့မှာ လေးငါးစီးလောက် တန်းစီပြီးဖြစ်နေတယ်ဆိုတော့ စိတ်အနှောက်အယှက်ဖြစ်တယ်။ နောက် ကိုယ့်(ကား)မှာ အရေးပေါ်လူနာပါလို့ တခြားသူကိုကျော်ပြီးပြောရင်လည်း စိတ်ကောင်းတဲ့ ဝန်ထမ်းနဲ့ဆိုရင် အဆင်ပြေတယ်။ တချို့သူတွေနဲ့ဆိုရင် အပြောခံရတာရှိတယ်” ဟု သူကဆိုသည်။

ယခုလို စစ်ဆေးရခြင်းမှာ မြို့နယ်အုပ်ချုပ်ရေးကောင်စီ၏ ညွန်ကြားချက်အတိုင်း ကျောက်ဖြူမြို့ အဝင်/အထွက်ကားမှန်သမျှကို စာရင်းယူရခြင်းဖြစ်ကြောင်းနှင့် သတင်းရရှိမှုအပေါ်မူတည်ပြီး ဆိုင်ကယ်များကိုလည်း စစ်ဆေးမေးမြန်းခြင်းများရှိသည်ဟု ကျောက်တလုံးဂိတ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖိုးစံက “ စစ်ဆေးတာက သေသေချာချာ စစ်ဆေးတာမဟုတ်ဘူး။ ကားသမားက ဆင်းပြီးတော့ ကားနံပါတ်ပေးရတယ်။ မှတ်ပုံတင်နံပါတ်၊ မိဘနေရပ်လိပ်စာပေးရတယ်၊ အဲလောက်ဆိုရင်ပြီးပြီ။ ကားတစ်စီးလုံးမှာ ပါတဲ့လူတွေကို စစ်ဆေးတာလည်း မဟုတ်ဘူး။ နောက်ပြီးကားတွေမှာ ဘာပစ္စည်းတွေပါလာတယ်ဆိုတာကိုလည်း စစ်ဆေးတာ မဟုတ်ဘူး။ အဲတာကိုကြည့်ခြင်းအားဖြင့် ဒါဟာ အလုပ်မဖြစ်တဲ့ သဘောဖြစ်နေတယ်။ နောက်ကားတွေ တန်းစီပြီး စောင့်နေရတယ်ဆိုတော့ အများပြည်သူသွားလာနေတာကို အနှောက်အယှက်ဖြစ်သလို ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုခံစားမိတယ် ” ဟု ဆိုသည်။

တစ်ဖက်တွင် ကျောက်ဖြူမြို့နယ်သည် ယခင်ကတည်းက ပဋိပက္ခဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်းအေးချမ်းသည့် ဒေသဖြစ်သလို လက်ရှိအချိန်တွင်လည်း ပို၍တည်ငြိမ်နေသည့်အတွက် အဆိုပါကျောက်တလုံးဂိတ်တွင် စစ်ဆေးမှုပြုလုပ်နေခြင်းမှာ မလိုအပ်တော့သဖြင့် ဂိတ်အားရုပ်သိမ်းရန်လိုအပ်ကြောင်း ဦးဖိုးစံက ပြောသည်။အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဒု-ဦးစီး ဦးကျော်နုကို ဆက်သွယ် မေးမြန်းရာတွင် ဖြေဆို၍မရကြောင်း DMG သတင်းဌာနအား ပြောကြားခဲ့သည်။

https://www.facebook.com/dmgnewsagency/posts/1968910819927986

Leave a Reply

Your email address will not be published.