ကျောက်တော်မြို့နယ်တွင် အကြမ်းဖက်မှုပုဒ်မဖြင့်အမှုရင်ဆိုင်နေရသူ ထွေအုပ်ဝန်ထမ်းတစ်ဦးနှင့် စစ်ဘေးရှောင် ၁၁ ဦး ပြန်လွတ်မြောက်

By Narinjara/ 2021 March 5

ချစ်အိလှိုင်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အစိုးရထောက်ပံ့ဆန်သွားထုတ်ရာ၌ အကြမ်းဖက်မှုပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့့် ထွေအုပ်ဝန်ထမ်းတစ်ဦးနှင့် ညောင်ချောင်းစခန်းမှ စစ်ဘေးရှောင် ၁၁ ဦး၊ ပေါင်း ၁၂ သည် ယနေ့ နေ့လယ် ၂ နာရီခန့်က မြောက်ဦးခရိုင်တရားရုံးမှ ပြစ်မှုမထင်ရှားသဖြင့် အပြီးသတ်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။ပြန်လည်လွတ်မြောက်လာသူများမှာ ဦးမင်းစိုးမြင့်(၃၀) နှစ်၊ ဦးစိုးမိုးဌေး(၂၈) နှစ်၊ ဦးကျော်ကျော်နိုင်(၂၉) နှစ်၊ ဦးမောင်မဲတင် (၃၀)နှစ်၊ ဦးကျော်လှိုင်(၃၆)နှစ်၊ ကိုမောင်မျိုးကျော် (၂၄)နှစ်၊ ဦးသန်းဝင်းလှိုင် (၂၆)နှစ်၊ ကိုထွန်းထွန်းနိုင် (၂၅)နှစ်၊ ဦးကျော်မိုးလှိုင် (၃၂)နှစ်၊ ကိုအောင်ဖြိုးသက်(၂ဝ)နှစ်၊ ဦးအောင်ကျော်ဆန်း(၂၆)တို့နှင့် မြို့နယ် ထွေ/အုပ်မှ စာရေး ဝန်ထမ်း ဦးအုန်းနိုင်တို့ဖြစ်ကြသည်။ပြန်လည်လွတ်မြောက်လာသူများတွင်ပါဝင်သည့် ဦးကျော်ကျော်နို်င်၏ ဇနီး မဂွမ်းမဦးက “ ကျွန်မအမျိုးသားကို ပြန်ခေါ်လာနို်င်ခဲ့ပါပြီ။ အခုစစ်ဘေးရှောင်စခန်းကို ပြန်တဲ့လမ်းမှာပါ။ ပြောမပြတတ်အောင်ပျော်မိပါတယ်။ အပြစ်မရှိလို့ပြန်လွှတ်ပေးလိုက်တာပါ။ အသက်မပြည့်တဲ့လူငယ်တွေကိုက လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက အာမခံနဲ့လွှတ်ပေးခဲ့တယ်။ ” ဟုပြောသည်။၄င်းတို့(၁၂)ဦးအပါအဝင် အသက်မပြည့်သည့် မောင်လင်းလင်းချေ(၁၅)နှစ်၊ မောင်လှဝင်း(၁၇)နှစ်နှင့် မောင်ဖြူသီး(၁၇)နှစ်တို့ကို ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲဲ့ဝင်များက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက နိရဥ္စရာသတင်းဌာနအားပြောသည်။၄င်းတို့အမှုအား လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးအောင်သန်းဝင်းကလည်း စစ်ဘေးရှောင်များ ယခုလိုပြန်လည်လွတ်မြောက်လာသည့် အတွက်ဝမ်းသာကြောင်းပြောသည်။ရှေ့နေဦးအောင်သန်းဝင်းက “ ဒီနေ့လွတ်တာက ၁၂ ယောက်ပါ။ အခုမိသားစုဆီကိုပြန်သွားကြပါပြီ။ ကျွန်တော်ကတော့ သိပ်ဝမ်းသာတာပေါ့ဗျာ။ ကျန်တဲ့ အသက်မပြည့်တဲ့လူငယ်တွေကိုတော့ ကျောက်တော်မှာစစ်တာလို့သိရတယ်။ ကျွန်တော်တော့ သူတို့သုံးယောက်နဲ့ပတ်သက်ပြီး အတိအကျမသိပါဘူး။” ဟုပြောသည်။အသက်မပြည့်သေးဘဲ အမှုရင်ဆိုင်နေရသည့် မောင်လှဝင်း၊ မောင်ဖြူသီးနှင့် မောင်လင်းလင်းချေတို့အား လာမည့် မတ်လ ၈ ရက်နေ့တွင် ကျောက်တော်မြို့နယ်တရားရုံး၌ ရုံးချိန်းခေါ်ယူထားသည်ဟုလည်း ၄င်းတို့သုံးဦး၏အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေကုစားရေးအဖွဲ့မြန်မာ(Legal Clinic Myanmar)မှ တရားလွှတ်တော်ရှေ့နေ ဒေါ်မြသူဇာက ပြောသည်။

https://www.facebook.com/151742128171206/posts/4104943042851075/

Leave a Reply

Your email address will not be published.