By Western News/ 2021 February 4
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လထဲ ပိတ်ထားရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းကုန်သွယ်ရေးမှာ လက်ရှိ ၇ လနီးပါးကြာသည်အထိ ပြန်ဖွင့်နိုင်သေးကြောင်း နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိသူများထံမှသိရသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇူလိုင်လမှစ၍ ပိတ်ထားရသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှာလက်ရှိအချိန်ထိလည်း ပြန်ဖွင့်နိုင်မှုမရှိသေး သော်လည်း ကုန်သည်လုပ်ငန်းရှင်များက ပြန်ဖွင့်နိုင်ရေးအတွက် လုပ်ဆောင်နေကြကြောင်း မောင်တောနယ်စပ် ကုန်သွယ်ရေး ဥက္ကဌ ဦးအောင်မြင့်သိန်းပြောသည်။
“ပိတ်ထားတာတော့ ဇူလိုင်လကတည်းကပေါ့နော်။ ၆ လကျော် ၇ လနီးပါးရှိနေပြီ။ လက်ရှိအချိန်ထိ ပြန်ဖွင့်မပေးသေးဘူး။ ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့လည်း ခုကုန်သွယ်ရေးပြန်ဖွင့်ဖို့အတွက် ကိုဗစ်နဲ့အညီဆောင်ရွက် မှုတွေလုပ်ဆောင်မယ်ဆိုတဲ့ အချက်တွေနဲ့ မောင်တောခရိုင်ကနေတစ်ဆင့် အထက်ကို လွန်ခဲ့တဲ့ ၂ ပတ်လောက် ကနေတင်ပြထားပါတယ်။ ခုထိတော့ ပြန်အသိပေးတာမရှိသေးဘူး။ ကိုဗစ်ရောဂါကို စစ်ဆေးခံယူဖို့ စင်တာလေးတွေ ဆောက်လုပ်နေပါတယ် ”ဟု ပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ရောဂါကျဆင်းနေပြီဖြစ်သည့်အတွက် လုပ်ငန်းခွင်မဝင်ရသည့်မှာ လပေါင်းများစွာကြာလာသောကြောင့် အလုပ်သမားများမှ ထိခိုက်နစ်နာမှုများစွာရှိနေသည်သောကြောင်း ပြန်လည်ဖွင့်ပေးစေချင်ကြောင်လည်း ဦးအောင်မြင့်သိန်းက ပြောသည်။
“ခုဆိုရင် ကိုဗစ်ကြောင့် ပိတ်ထားတာဟာကြာနေပြီ။ မြန်ဖွင့်ပေးစေချင်ပြီ။ ကုန်ထမ်း ကုန်ချတဲ့သူတွေစက်လှေမောင်းတဲ့သူတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေက ထိခိုက်နစ်နာမှုတွေအများကြီးရှိနေတယ်”ဟုပြောသည်။
ယခင်နှစ်များထဲတွင် နယ်စပ်ကုန်သွယ်ရေးလုပ်လုပ်ငန်းမှာ တိုးတက်မှုများရှိခဲ့သော်လည်း ပြီးခဲ့သည့် နှစ်က ဆုံးရှုံးနစ်နာမှုများများစွာ ရှိသည်ဟု ၎င်းကဆက်ပြောသည်။ မောင်တောနယ်စပ်ကုန်သွယ်ရေးမှာရခိုင်ပြည်နယ်တစ်ခုမှမဟုတ်ဘဲ ပြည်ပဖက်ဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် မုံရွာစသည့် ဖက်မှလည်းထွက်ကုန်များကို ပြည်ပနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေသော ကုန်သွယ်ရေးဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလာဒေ့ရှ်ကိုသာ အဓိကတင်ပို့နိုင်သေးသော်လည်း နောင်အနာဂါတ်တွင် စီးပွားရေးဇုန်များပေါ် လာပါက အိန္ဒိယနိုင်ငံကိုလည်း ကုန်းလမ်း၊ ရေလမ်းပါ ဆက်သွယ်တင်ပို့နိုင်ရန်ထိမှန်းထားကြောင်းလည်း မောင်တောနယ်စပ်ကုန် သွယ်ရေးအသင်းမှသိရသည်။
မောင်တော နယ်စပ်ကုန်သွယ်ရေးသည် ရခိုင်ပြည်နယ်အတွက် အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးတစ်ခုဖြစ် သည့်အပြင် အဆိုပါကုန်သွယ်ရေးမှ တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်ထိရှိကြောင်းလည်းသိရသည်။
Western News- WN
https://www.facebook.com/102405104899336/posts/224403092699536/