ဦးညီပု၏ ကိုယ်ရေးအရာရှိနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦးတို့ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်

By Western News/ 2021 February 13

စစ်တပ်နှင့် ရဲတပ်ဖွဲ့များက အုပ်ချုပ်ရေးမှူးအားဖမ်းဆီးခေါ်ဆောင်သွားစဉ်၊ ဓာတ်ပုံ ကျော်မြင့်မောင်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ ကိုယ်ရေးအရာရှိ (PSO) ကိုကြည်စိုးထွန်းနှင့် ရခိုင်ပြည်နယ်၊ ဂွမြို့၊ ရွာမရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးတို့ကို စစ်တပ်မှဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။
ကိုကြည်စိုးထွန်းအား ဖမ်းဆီးသွားခြင်းမှာ ဟုတ်မှန်ပြီး ဝန်ကြီးချုပ် ဦးညီပုမှ ခေါ်ခိုင်းသည်ဟုဆိုကာ စစ်တပ်မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ယမန်နေ့ ည ၁၀ နာရီကျော်က ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးညီပု၏ရွေးကောက်ပွဲကိုယ်စားလှယ် ကိုစိုးမင်းအောင်က အတည်ပြုပြောဆိုသည်။
“ဟုတ်ပါတယ်။ စစ်တွေမှာ ဖမ်းဆီးသွားတာ။ သူ့ကိုဖမ်းသွားတာက မနေ့က ည ၁၀ နာရီခွဲလောက်ကထင်တယ်။ ဘာကြောင့်ဖမ်းဆီးသွားလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ဝန်ကြီးချုပ်က ခေါ်ခိုင်းတယ်ဆိုပြီးတော့ ခေါ်သွားတာ။ ဖမ်းတာက စစ်တွေမှာဖမ်းတာဆိုတော့ ဘယ်တပ်ကိုခေါ်သွားလဲဆိုတာတော့ ကျွန်တော်မသိဘူး”ဟု ကိုစိုးမင်းအောင်ကပြောသည်။
ဂွမြို့၊ ရွာမရပ်ကွက်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးစိုးလွင် (ခေါ်) လူနီကိုလည်း မကျည်းငူကမ်းဖက်မှ ရွာမရပ်ကွက်သို့ပြန်လာရန်အတွက် လှေစီးရန်ပြင်ဆင်စဉ် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံမျက်မြင်တစ်ဦးဖြစ်သည့် ကိုကျော်မြင့်မောင်က Western News ကိုပြောသည်။
“သူက မကျည်းငူဖက်ကနေ ဒီဖက်ကမ်း ဂွမြို့ကိုကူးဖို့လာတာ။ သူ့အလုပ်ကနေပြန်လာတာပေါ့။ ဆိုတော့ အဲဒီမှာ တပ်ကအဆင်သင့်စောင့်လို့ရှိတယ်။ မကျည်းငူချောင်းထဲကပဲဖမ်းခေါ်သွားတာ။ ဘယ်တပ်ကဖမ်းသွားတာလဲဆိုတာတော့ ကျွန်တော်လည်းအတိအကျမသိဘူး။ ဂွမှာက ၅၆၂ နဲ့ ၅၆၃ နှစ်တပ်ရှိတယ်။ ဒီနေ့ နံနက်ကပဲဖမ်းဆီးခေါ်ဆောင်သွားတာ” ဟုပြောသည်။
ဦးစိုးလွင်မှာ စစ်တပ်မှအာဏာသိမ်းပြီးနောက် နှုတ်ထွက်ခဲ့သည့် အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးဖြစ်ပြီး အာဏာသိမ်းစစ်အစိုးရအား စစ်ဆန့်ကျင်ရေးဆန္ဒပြရာတွင် ပါဝင်သောကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းလည်း ကိုကျော်မြင့်မောင်ကပြောသည်။
ဂွမြို့တွင် ယနေ့ နံနက်ပိုင်းကလည်း လူဦးရေ ၅၀၀၀ ခန့်က အာဏာသိမ်းစစ်အစိုးရအား ၅ ရက်မြောက်နေ့အဖြစ်ဆန့်ကျင်ဆန္ဒပြလျှက်ရှိကြောင်းသိရသည်။

https://www.facebook.com/102405104899336/posts/230044072135438/

Leave a Reply

Your email address will not be published.