ဦးဇေယျာကျော် အပါဝင် ၄ ဦးအမှုကို လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စွဲချက်အမိန့်ချမှတ်မည်

By Western News/ 2021 February 17

တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ(ANP) ဒု-ဥက္ကဌ ဦးဝေသောင်း ပါ ၄ ဦး၏အမှုအား ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ရုံးချိန်တွင် စွဲချက်တင်သင့်၊ မတင်သင့်နှစ်ဖက်လျှောက်လဲချက်တင်သွင်းခဲ့ပြီး၊ လာမည့်၂၆ ရက်နေ့ရုံးချိန်းတွင် စွဲချက်အမိန့်ချမှတ်တော့မည်ဟု သိရသည်။ဦးဝေသောင်းအပါအဝင် အကြမ်းဖက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသူ ၄ ဦး၏အမှုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့က လျောက်လဲချက်တင်သွင်းရမည်ဖြစ်သော်လည်း တရားသူကြီးအပြောင်းအလဲကြောင့် ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လျောက်လဲချက်တင်းသွင်းခဲ့ရပြီး လာမည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စွဲချက်အမိန့်ချမှတ်မည်ဖြစ်ကြောင်း အမှုနှင့်ပတ်သက်၍ လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။“ပြီးခဲ့တဲ့ရုံးချိန်းကလေ တရားသူကြီးအပြောင်းအလဲတွေနဲ့ လျောက်လဲချက်မတင်လိုက်ရဘူး။ ဒီနေ့ရုံးချိန်းမှာမှ စွဲချက်လျောက်လဲချက် တင်လိုက်ရတာ။ နောက်တစ်ကြိမ်ရုံးချိန်းမှာတော့ စွဲချက်အမိန့်မှာချမှတ်မှာဖြစ်တယ်” ဟုပြောဆိုသည်။တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ(ANP) ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူတစ်ဦးဖြစ် ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂(ခ)ဖြင့် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ယင်းအထဲမှ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့မှာ တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း၊ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ဗဟို သတင်းဌာနစသည့် လူမှုကွန်ရက် အကောင့်များဖြင့် မဟုတ်မမှန် သတင်းများ အဆက်မပြတ်တင်ပြနေသည့်ဟုဆိုကာ ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက အသီးသီးဖမ်းဆီးခံခဲ့ရပြီး ရုံးတင်စစ်ဆေးနေ သည်မှာ ယခုဆိုလျင် ၁၀ လကျော်ကြာမြင့်နေပြီဖြစ်သည်။ယင်းကဲ့သို့ အချိန်ကြာမြင့်စွာ အမှုရင်ဆိုင်နေရသည့်အတွက် မိသားစုဝင်များမှာ များစွာနစ်နာမှုရှိနေကြောင်း ဦးဇေယျကျော်၏ ဇနီးဖြစ်သူ ဒေါ်ဟန်စုလှိုင်က ပြောဆိုသည်။”မတရားဖမ်းဆီးခံထားရတာဆိုတော့ ကျွန်မတို့အတွက်ကတော့ အများကြီးနစ်နာတာပေါ့။ အဲဒါကြောင့် သက်ဆိုင်တဲ့လူကြီးတွေအနေနဲ့ ကျွန်မယောကျင်္ားရဲ့အမှုကို အမြန်ဆုံးဖြတ်ချက်ချစေချင်တယ်။ သက်သေ အထောက် အထားတွေလဲရှိတာမဟုတ်ဘူး။ ကျွန်မတို့မှာ စီးပွားရေးရော၊ လူမှုရေးပိုင်းမှာရော နစ်နာမှုတွေ ရှိတယ်”ဟုပြောသည်။ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

https://www.facebook.com/102405104899336/posts/233004185172760/

Leave a Reply

Your email address will not be published.