အေအေသို့ ရိက္ခာပို့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်ကို မတ်လတွင် ရုံးထုတ် စစ်ဆေးမည်

By Western News/ 2021 February 24

ဓာတ်ပုံ-စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်း

ရက္ခိုင့်တပ်တော် အေအေသို့ပို့ရန် ဆန်ရိက္ခာများသိုလှောင်ထားသည်ဟု ဆိုကာ တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို လာမည့်မတ်လတွင် ရုံးထုတ်စစ်ဆေး မည်ဖြစ်ကြောင်း မိသားစုနှင့်ရှေ့နေများထံမှ သိရသည်။ထောင်ချုပ်ဖြင့် ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးတို့တွင် တရားရင်ဆိုင်နေရသူများကို ကိုဗစ်ကြောင့် ရုံးမထုတ်နိုင်ဘဲ ဖေဖော်ဝါရီလအတွင်း ရုံးထုတ်မည်ကိုလည်း နိုင်ငံရေးအခြေအနေကြောင့် ထပ်မံရုံးမထုတ်နိုင်ခဲ့ပေ။ လက်ရှိရ ခိုင်ပြည်နယ် အခြေအနေ ဆက်လက်တည်ငြိမ်နေပါက မတ်လထဲတွင် ရုံးထုတ်စစ်ဆေးနိုင်ကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ ဦးငြိမ်းချမ်းကပြောသည်။“စပါးထားက ဆန်စက်ပိုင်ရှင်အပါအဝင်ပေါ့နော် ခရိုင်တရားရုံးမြို့နယ်တရားရုံးတွေမှာ ထောင်ချုပ်နဲ့နေနေရတဲ့ ဘယ်အမှုမဆို အစကတော့ ကိုဗစ်ကြောင့် ရုံးမထုတ်ဘူး။ တရားရုံးကလည်း ဖေဖော်ဝါရီလ ပထမပတ်မှာ ရုံးထုတ်စစ်ဆေးမယ်ဆိုပြီး တရားရုံးကလည်းပြောထားပြီးပြီ။ ဒါပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့်မထုတ်ရ ပြန်တော့ဘူး။ အမှုတွေက အဲဒါတွေကြောင့် ကြန့်ကြာနေတာ။ ကိုဗစ်တုန်းကဆိုရင်လည်း ထောင်တွေကို အဝင် အထွက်လုပ်လို့မရဘူး။ ပြင်ပလူတွေကို အချုပ်သားတွေနဲ့ တွေ့ဆုံခွင့်မရဘူးလေ။ ရခိုင်ပြည်မှာသာ အခုလိုတည်တည်ငြိမ်ငြိမ်ဆိုရင် စပါးထားအမှုအပါအဝင် တခြားအမှုတွေကိုလည်း မတ်လမှာပဲ ရုံးထုတ်နိုင်ခြေရှိပါတယ်” ဟုပြောသည်။ဦးရဲကျော်ထွန်းကို ဖမ်းဆီးတရားစွဲဆိုခံရပြီးရဲစခန်းမှ ထုတ်ယူလာစဉ်က တစ်ကြိမ်သာတွေ့ခွင့်ရခဲ့သလို ထောင်ချုပ် ကျနေစဉ်ကတည်းက တွေ့ခွင့်မရသေးသည့်အတွက် မတ်လတွင် ရုံးထုတ်သည့်အခါ တွေ့ခွင့်ရရန် မျှော်လင့်နေ ကြောင်း သမီးကြီးဖြစ်သူ မစုလှိုင်ဦးကပြောသည်။“မတ်လမှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။ ရုံးထုတ်စေချင်တာက ကြာပါပြီ။ ကိုဗစ်ကြောင့် ရုံးမထုတ်ကတည်းက ခုဆိုရင် ဖေဖေနဲ့ မတွေ့ရတာလည်း တော်တော်လည်းကြာနေပါပြီ။ မတ်လထဲမှာ ရုံးထုတ်ရင် တွေ့ခွင့်ရဖို့အတွက် ကျွန်မတို့မှာ မိသားစုဝင်တွေအကုန်သွားကြမှာပါ။ ရုံးထုတ်တော့မယ်လို့ သတင်းကြား ရတော့ကျွန်မတို့ ဝမ်းသာပါတယ်။ ကျွန်မတို့ အဖေက မတရားဖမ်းဆီးခံထားရတာဖြစ်တဲ့အတွက် မြန်မြန်ရုံး ထုတ်ပြီး အပြစ်မရှိ တဲ့အတွက် ပြန်လွတ်စေချင်ပါတယ်” ဟုပြောသည်။ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအမှုတွင် တရားလိုပြသက်သေများဖြစ်သော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင် များနှင့် ကျေးရွာသားများ စုစုပေါင်း ၉ ဦးထိရှိပြီး ၎င်းတို့ကိုလည်း တစ်ကြိမ်မျှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးပေ။ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုမှ ဦးရဲကျော်ထွန်း ၏ဆန်စက်ကိုဝင် ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီး ဆန်စက်မှ ဆန်အိတ် ၇၃ အိတ်ကို အေအေ သို့ ပို့ဆောင်ရန် သိုလှောင်ထားသည်ဟု ဆိုကာ ဆန်အိတ်များကို သိမ်းဆည်းပြီးနောက် ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ၅၂ (က) နှင့် တရားစွဲဆို ခဲ့ခြင်းဖြစ် သည်။တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာမှ ဦးရဲကျော်ထွန်း၏ ဆန်စက်မှ အေအေသို့ ပို့ဆောင်ရန် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ ကို သိမ်းဆည်းရမိကြောင်းထုတ်ပြန်ခဲ့သည်။ဦးရဲကျော်ထွန်း၏ မိသားစုဝင်များကလည်း အဆိုပါ ဆန်အိတ်များမှာ စစ်တွေရှိ ဆန်ပွဲရုံများသို့ရောင်းချမည့် ဆန်အိတ်များသာဖြစ်ကြောင်း Western News သို့ပြောထားသည်။ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ည)နှင့် ၅၂ (ည)တို့ဖြင့် တရားရင်ဆိုင် နေရသူ ၂၆၉ ဦးထိရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦးထိရှိကြောင်း သဇင်ဥပဒေအထောက် အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/237298268076685/

Leave a Reply

Your email address will not be published.