အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည့် အမ်းဒေသခံ ၇ ဦးခန့် အမှုဖွင့်ခံထားရ

By Development Media Group / February 10

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဆန္ဒ ဖော်ထုတ်ခဲ့ရာတွင် ပါဝင်ခဲ့သည့် ဒေသခံ ၇ ဦး အမှုဖွင့်ခံထားရကြောင်း သိရသည်။၎င်းတို့ ၇ ဦးကို သဘာဝဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅၊ ငြိမ်းစုစီပုဒ်မ-၁၉ တို့ဖြင့် အမ်းမြို့မရဲစခန်းမှ အမှုဖွင့်ထားခြင်းဖြစ်ကြောင်း အမ်းမြို့ခံများကပြောသည်။“ဒီနေ့ ၁၀ နာရီလောက်က ရုံးထုတ်တယ်၊ တရားလိုကတော့ရဲကပဲအမှုဖွင့်တာ၊ ဖမ်းတဲ့အထဲမှာ ဆန္ဒပြတဲ့ ခေါင်းဆောင်တစ်ယောက်မှမပါဘူး၊ နောက်လိုက်တွေချည်းပဲဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော် လို့သည့် အမ်းဒေသခံတစ်ဦးကပြောသည်။အမှုဖွင့်ခံထားရသူ ၇ ဦးအနက် ၆ ဦးကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ကျန်တစ်ဦးဖြစ်သည့် ဘဏ်ဝန်ထမ်းအမျိုးသမီးကို ယနေ့(ဖေဖေါ်ဝါရီလ ၁၀ ရက်)တွင် ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း DMG ၏ သတင်းရင်းမြစ်များက ပြောသည်။ဖမ်းဆီးခံရသူများထဲတွင် ကျောင်းဆရာ၊ ကျောင်းသူများနှင့် ဘဏ်ဝန်ထမ်းများပါဝင်ပြီး အမှုမှာ အာမခံမရသည့် အတွက် ချုပ်ရမန်နှစ်ပတ်ယူထားကြောင်းလည်း သိရသည်။စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒပြရာတွင် ဦးဆောင်သူများမှာ လက်ရှိတွင် ရဲတပ်ဖွဲ့မှ လိုက်လံ ရှာဖွေနေသည့်အတွက် တိမ်းရှောင်နေကြရသည်။ယင်းကိစ္စဖြင့်ပတ်သက်ပြီး အမ်းမြို့မရဲစခန်းမှူးအား DMG မှ ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်သူတစ်ဦးက ၎င်းမှာ မအားသေးကြောင်းနှင့် စခန်းမှူးအားမေးမြန်းရန်ပြောဆိုခဲ့သည်။အမ်းမြို့တွင် ဖေဖေါ်ဝါရီလ ၉ ရက်နေ့က စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့မှုများရှိသလို ယနေ့(ဖေဖေါ်ဝါရီလ ၁၀ ရက်)တွင် တပ်မတော်ထောက်ခံပွဲပြုလုပ်ခဲ့သူများလည်းရှိသည်။

https://www.facebook.com/466648543487562/posts/1941197319366003/

Leave a Reply

Your email address will not be published.