အမ်းမြို့၊ လေယာဉ်ကွင်းရပ်ကွက်မှ နေအိမ် ၁၅ လုံးဖြိုဖျက်ပေးရမည်

By Western News / February 22 / 2021

Western News – ဖေဖော်ဝါရီ ၂၂ ရက်

ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်ရှိ လေယာဉ်ကွင်းရပ်ကွက်မှ နေအိမ် ၁၅ လုံးကိုဖြိုဖျက်ပေးရမည်ဟု ဖေဖော်ဝါရီလ ၁၉ ရက် နေ့လည် ၂ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ခေါ်ယူပြောဆိုခဲ့ကြောင်း နေအိမ်ပြောင်း ရွှေ့ရမည့်သူများက Western News ကိုပြောသည်။

နေအိမ်ဖြိုဖျက်ပေးရမည့် ရပ်ကွက်နေပြည်သူများကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် အမ်းမြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီခေတ္တ ဥက္ကဌ ဦးရွှေအေး၊ အမ်းမြို့နယ်ဆရာဝန်ကြီး၊ အမ်းမြို့နယ်မြေစာရင်းဦးစီးဌာနမှတာဝန်ရှိသူများနှင့် အမ်းမြို့နယ်ရဲမှူးတို့က မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ခေါ်ယူကာ နေအိမ်ဖြိုဖျက်ပေးရဟုပြောဆိုခဲ့ကြောင်း နေအိမ်ဖြိုဖျက်ခံရမည့်ထဲတွင်ပါဝင်သည့် ဒေါ်ဝင်းချေက ပြောသည်။

“ကျွန်မတို့ကို သူတို့က မြို့နယ်စီမံအုပ်ချုပ်ရေးရုံးကိုခေါ်တယ်။ ကျွန်မကတော့ မသွားခဲ့ဘူး။ လက်မှတ်လဲ မထိုးဘူး။ နေအိမ်ဖြိုဖျက်ပေးရမည့်ထဲမှာပါတဲ့ ကျွန်မဆွေမျိုးတွေပြောတာကတော့ သူတို့က နေအိမ်ဖြိုဖျက်ပေးရမည့်အချိန်ကိုလဲမပြောခဲ့ဘူး။ ပြီးရင် နေအိမ်ဖြိုဖျက်ခံရမည့်ကျွန်မတို့အတွက် သူတို့က မြေနေရာကိုပဲ ပေးတယ်။ အခုက နေအိမ်ဆောက်ပေးမယ် မဆောက်ပေးဘူးဆိုတာကိုလဲတိတိကျကျမသိရဘူး။ လက်မှတ်လဲမထိုးဘူး”ဟု ဒေါ်ဝင်းချေကပြောသည်။

ရခိုင်ပြည်နယ်အစိုးရဝန်ကြီးချုပ်ဦးညီပုလက်ထက်က နေအိမ်များကိုဖြိုဖျက်ပေးရမည်ဟုပြောဆိုခဲ့သော်လည်း ရပ်ကွက်နေပြည်သူများက နေအိမ်များကိုမဖြိုဖျက်ရန်ဝန်ကြီးချုပ်ထံသို့စာပို့ခဲ့ပြီးနောက်တစ်စုံတစ်ရာပြောဆိုလာခြင်းမရှိခဲ့ကြောင်းသိရသည်။သို့သော်လည်း ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က လေယာဉ်ကွင်း ရပ်ကွက်မှ နေအိမ် ၃ လုံးကိုအစိုးရမှဖြိုဖျက်ခဲ့ပြီး ယခုအချိန်ထိ အဆောက်အအုံဆောက်လုပ် ခြင်းမရှိသေးကြောင်းလည်း ယင်းရပ်ကွက်မှ ပြည်သူများကပြောသည်။

ယင်းမြေနေရာတွင်ရပ်ကွက်နေ ပြည်သူများနေထိုင်လာသည်မှာ နှစ်ပေါင်း ၂၀ နီးပါရှိနေပြီဖြစ်ကာ လက်ရှိ အစိုးရမှပေးမည့် မြေနေရာသည် အမ်းမြို့မှ ၃ မိုင်ခန့်ဝေးသည့်အပြင် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက်မပြောင်းရွှေ့ချင်ကြောင်းလည်း ရပ်ကွက်နေသူများကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး အမ်းမြို့နယ်မြေစာရင်းဦးစီးဌာန ဒုဦးစီး ဦးတင်မိုးအားဆက်သွယ်ရာတွင် ဖြိုဖျက် ပေးရမည့်မြေနေရာမှာ ကျူးကျော်မြေဖြစ်သည့်အတွက် မြေနေရာသာအစားထိုးပေးမည်ဖြစ်ပြီး နေအိမ်ဆောက် လုပ်ပေးရန်မရှိကြောင်းနှင့် ဖြိုဖျက်ပေးရမည့်အချိန်ကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီကပြောသည်။

“နေအိမ်ကမဖြိုရသေးပါဘူး။ သူတို့ကိုမြေအစားပေးပြီးမှဖြိုခိုင်းမှာ။ ဘယ်အချိန်ဖြိုဖျက်ပေးရမည်ဆိုတာကို လည်း မြို့နယ်ကကျွန်တော်တို့ကို ပြောလာတာမရှိသေးဘူး။ သူတို့ကိုပေးမယ့်မြေနေရာကတော့ အမှတ် ၂ ရပ်ကွက် စေတီမော်မှာဖြစ်တယ်။ အမ်းမြို့နယ်ကတော့ ချောင်းတဖက်ခြားတယ်။ ပဲပဒုံဖက်ကသွားမယ်ဆိုရင် ၃ မိုင်လောက်ဝေးတယ်။ နေအိမ်တော့ဆောက်လုပ်မပေးဘူး။ သူတို့က ကျူးကျော်တွေဆိုတော့ မြေလောက်ပဲ ပေးမှာဖြစ်တယ်”ဟုပြောသည်။

ယင်းအပြင် မည်သည့်အချိန်နေအိမ်ဖြိုဖျက်ပေးရမည်ကိုသိလို၍ အမ်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီခေတ္တ ဥက္ကဌ ဦးရွှေအေးအား Western News ကအကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆို ခဲ့ခြင်းမရှိခဲ့ပါ။

https://www.facebook.com/102405104899336/posts/236192604853918/

Leave a Reply

Your email address will not be published.