အမ်းမြို့နယ်မှ မိုင်းထိဒဏ်ရာရအမျိုးသား ခြေထောက်တစ်ဖက်ဖြတ်လိုက်ရ

By Western News / February 20 / 2021

Western News-ဖေဖော်ဝါရီလ ၂၀ ရက်
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာမှ မြေမြှပ်မိုင်းပေါက်ကွဲ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အမျိုးသားမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စစ်တွေဆေးရုံကြီး၌ ညာဖက်ခြေထောက်တစ်ဖက်ကို ဖြတ်လိုက်ရသည်ဟု မိသားစုဝင်များကပြောသည်။
ခြေထောက်ဖြတ်လိုက်ရသည့်အမျိုးသားမှာ အသက် ၄၂ နှစ်အရွယ် ဦးမောင်သိန်းဌေးဖြစ်ပြီး ၎င်းမှာဖေဖော်ဝါရီလ ၁၇ ရက်နေ့က ကျေးရွှာအနီရှိ မက်ကလာကျွတ်တောင်ပေါ်သို့ အဖော်နှစ်ဦးနှင့်အတူ ကြိမ်ခုတ်ရန်သွားစဉ် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်၍ ခြေထောက်နှင့် လက်တွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
မိုင်းထိလူနာ၏အကို ဖြစ်သူ ဦးမောင်သိန်းဖြူက “မနေ့က ခွဲစိတ်မှုတွေလုပ်ပါတယ်။ ညာဖက်ခြေထောက် ဒူးအောက်ပိုင်းက ဖြတ်လိုက်ရပါတယ်” ဟုပြောဆိုသည်။
မိုင်းပေါက်ကွဲမှုဖြစ်သည့် မက်ကလာကျွတ်တောင်နှင့် ၃ မိုင်ခန့်အကွာတွင် ပြီးခဲ့သည့် ၂၀၂ဝနှစ်က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့်အတွက် ယင်းပတ်ဝန်းကျင်အနီးအနားတောတောင်များ၌ မြေမြုပ်မိုင်းများရှိနိုင်သည်ကို သိရှိထားသော်လည်း မိသားစုစားဝတ်နေရေးအတွက် တောင်ပေါ်များသို့စိုးရိမ်ထိတ်လန့်မှုများဖြင့် နေ့စဉ်သွားလာလုပ်ကိုင်နေကြရသည်ဟု ဦးမောင်သိန်းဖြူကပြောဆိုသည်။
ရခိုင်တွင် စစ်ကျန်လက်နက်နှင့် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ မကြာခဏ ထိခိုက်သေ ဆုံးမှုများရှိနေသည်။ လက်ရှိအချိန်တွင် စစ်တွေ-အမ်း လမ်းမကြီးတစ်လျှောက် တပ်မတောမှ မိုင်းရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ် ဆောင်နေသည့် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီးနေထွန်းလှိုင်က “ကျွန်တော် တို့ ပထမဆုံးစပြီးရှင်းတာတော့ လမ်းနဲ့ လမ်းဘေးတွေပေါ့။ နောက်ပိုင်းကျရင် ဆက်ပြီး ရှင်းဖို့တော့ ညွှန်ကြား ချက်အပေါ် မူတည်တာပေါ့။ ကျွန်တော်တို့ လက်ရှိ ဒီလောက်ပဲ ညွှန်ကြားချက်ရထားပါတယ်”ဟုပြောဆိုသည်။
ရခိုင်တွင် တပ်မတော်နှင့် ရခိုင့်တပ်တော် အေအေတို့၏ ၂ နှစ်တာ တိုက်ပွဲများကြား မြေမြှပ်မိုင်းနှင့်စစ်ကျန်လက် နက်ပေါက်ကွဲမှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအထိ အရပ်သား သေဆုံးသူ ၄၁ ဦးနှင့် ထိခိုက်ဒဏ်ရာ ရ ရှိသူ ၇၇ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး၏ စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/234902588316253/

Leave a Reply

Your email address will not be published.