By Western News/ 2021 February 9
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမ်းပြည်သူ့ဆေးရုံမှ ဆရာဝန် ၆ ဦးခန့် ယနေ့နံနက်ပိုင်းမှစတင်ကာ ဆေးရုံအတွင်းမှထွက်ခွာသွားကြကြောင်းသိရသည်။
ဆေးရုံအတွင်း တာဝန်မထမ်းဆောင်ကြတော့ဘဲ ထွက်ခွာသွားကြသောဆရာဝန်များမှာ ဓါတ်မှန်အထူးကုဆရာဝန်၊ သွားဖွားမီးယပ်အထူးကုဆရာဝန်၊ အရိုးအထူးကု သမားတော်ဆရာဝန်၊ ခွဲစိတ်အထူးကုဆရာဝန်၊ မေ့ဆေးအထူးကုဆရာဝန်နှင့် အခြားဆရာဝန်တစ်ဦးတို့ဖြစ်ပြီး စုစုပေါင်းဆရာဝန် ၆ ဦး တို့ဖြစ်ကြောင်း သိရသည်။
“သူတို့က ဒီမနက်လောက်ကပဲ ထွက်သွားပါတယ်။ ဓါတ်မှန်အထူးကုဆရာဝန်ရယ်၊ သွားဖွားမီးယပ်အထူးကုဆရာဝန်ရယ်၊ အရိုးအထူးကု ဆရာဝန်ရယ်၊ ခွဲစိတ်အထူးကုဆရာဝန်ရယ်၊ ပြီးတော့ မေ့ဆေးအထူးကုဆရာဝန်ရယ် အခြားဆရာဝန်တစ်ဦးတို့ဖြစ်တယ်။ ထွက်ခွာသွားကြတဲ့ဆရာဝန်တွေကတော့ အားလုံး ၆ ဦးဖြစ်တယ်ဟု”အမည်မဖော်လိုဖော်သည့် ဆေးရုံဝန်ထမ်းဆရာဝန်တစ်ဦးက Western News ကိုပြောသည်။
အမ်းပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးတစ်ဦးသာ ဆေးရုံတွင်ရှိနေပြီး အရေးပေါ်ရောက်ရှိလာသည့် လူနာများကို ဆေးရုံအုပ်ကြီးကကုသပေးနေကြောင်းလည်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမ်းမြို့ပြည်သူဆေးရုံးက ဆေးရုံးအုပ်ကြီး ဒေါက်တာအောင်ကျော်မိုးကို ဖုန်းကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။
လက်ရှိအချိန် မြန်မာနိုင်ငံအတွင်းတွင် စစ်တပ်အာဏာသိမ်းမှုအပေါ်ဆန္ဒပြမှုများကျယ်ကျယ်ပြန့်ပြန့်ရှိနေသလို လူမှုကွန်ရက်များပေါ်တွင်လည်း ဝန်ထမ်းများကို ရုံးမဆင်းကြဖို့တိုက်တွန်းမှုများလည်းရှိနေပြီး စစ်တပ်အာဏာ သိမ်းမှုအပေါ်ဆန္ဒပြရာတွင်လည်း ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အခြားဝန်ထမ်းတချို့တို့သည်လည်း ပူးပေါင်းပါဝင်ဆန္ဒပြနေကြသည်။
https://www.facebook.com/102405104899336/posts/227637595709419/