အမ်းတွင် ဆန္ဒပြရာ ဖမ်းဆီးခံရသူ ၉ ဦးအမှု လာမည့် ၂၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည်

By Western News/ 2021 February 20

ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့က အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ဆန္ဒပြမှုနှင့် ပတ်သတ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ နှင့်ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ ဖြင့်တရားစွဲဆိုခံထားရသူ ၉ ဦးအမှုကို လာမည့် ဖေဖော်ဝါရီလ ၂၄ ရက် ဗုဒ္ဓဟူးနေ့တွင် ရုံးထုတ်စစ် ဆေးသွားမည် ကြောင်းသိရသည်။အဆိုပါ ၉ ဦးအား အမ်းမြို့နယ်၊ ခေတ္တအမ်းမြို့နယ်အုပ်ချုပ်ရေးမှူးမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာ ဥပဒေပုဒ်မ ၂၅ ဖြင့်တရားလို လုပ်စွဲဆိုပြီး အမ်းမြို့နယ်ရဲစခန်းမှူး ကျော်ဇင်ဦးက ငြိမ်းစုစီပုဒ်မ ၁၉ တို့ဖြင့် တရားလိုလုပ် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း ခိုင်မာသောသတင်းရင်းမြစ်အရသိရသည်။ဆန္ဒပြမှုနှင့် ပတ်သတ်ပြီးတရားစွဲခံထားရသူများမှာ မမိုင်ရတနာအောင်၊ ဒေါ်လှမင်းကျော်၊ မစိုးကလျာထွန်း၊ ကိုမင်းထိုက်အောင်၊ မသင်းမြတ်ခိုင်၊ ၊ ခင်ချိုချိုထွေး၊ ဦးခင်အောင်ချို၊ ဒေါ်ဝင်းချေ၊ မိုင်ခင်ရတနာစိုးနိုင် တို့ဖြစ်သည်။လက်ရှိအချိန်ထိတရားစွဲခံထားရသူများကို မည်သည့်ဥပဒေပုဒ်မဖြင့်တရားစွဲဆိုထားသည်ကိုမသိရသေးသလို တရားလိုလုပ်တရားစွဲဆို ထားသူကိုလည်း မသိရသေးကြောင်း တရားစွဲခံထားရသူများထဲမှ မိုင်ရတနာအောင် အပါအဝင် ၄ ဦးအမှုကို အမှုလိုက်ရှေ့နေ အဖြစ်ဆောင်ရွက်ပေးမည့် ကျောက်ဖြူခရိုင် ဥပဒေရေးရာကု စားရေး အဖွဲ့ (မြန်မာ)မှ ရှေ့နေဦးဦးညွန့်မောင်က Western News ကိုပြောသည်။“ကျွန်တော်ကတော့ ဘယ်နှယောက်တရားစွဲခံထားရလဲဆိုတာကိုမသိသေးဘူး။ ၈ ယောက်လို့လဲကြားတယ်၊ ၇ ယောက်လို့လဲ ကြားတယ်၊ ကျွန်တော်တို့ဆီကိုလာပြီး အမှုလိုက်ရှေ့နေအဖြစ်ဆောင်ရွက်ပေးဖို့ ဖုန်းကတဆင့် အကူအညီ တောင်းခံလာတာ ၄ ယောက်တော့ရှိတယ်။ မိုင်ရတနာအောင်အပါအဝင် ၄ ယောက်ပေါ့။ မိန်းကလေး ၃ ယောက်၊ ယောကျာ်းလေး ၁ ယောက်ပေါ့။ ဘယ်သူကတရားလိုလုပ်ပြီး တရားစွဲဆိုထားလဲ ဆိုတာကိုလည်း ကျွန်တော်မသိသေးဘူး။ တချို့ကတော့ မြို့နယ်ထွေ/အုပ်ကလို့ ပြောကြတယ်”ဟုပြောသည်။တရားစွဲခံထားရသူများကို အမ်းမြို့နယ်ရဲစခန်းတွင်ထိန်းသိမ်းထားကာ ချုပ်ရမန်ယူထားပြီး စားစရာများနှင့် အသုံးအဆောင်များသွား ပေး၍ရသော်လည်း တွေ့ခွင့် ၂ ကြိမ်သာရသေးကြောင်း မိုင်ရတနာအောင်၏ မိခင်ဖြစ်သူကပြောသည်။“စားစရာတွေတော့ သွားပေးလို့ရပါတယ်။ တွေ့ခွင့်ကတော့ သိပ်မရဘူး။ အခုအချိန်ထိ တွေ့ခွင့် ၂ ကြိမ်ပဲရသေးတယ်။ ဘယ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားတယ်ဆိုတာကိုလည်း မသိသေးဘူး”ဟုပြောသည်။စစ်တပ်မှအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှူး ၁ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦးနှင့် ဒေသခံ ၆ ဦးထိ ဖမ်းဆီးခံထားရသည်။

https://www.facebook.com/102405104899336/posts/234799058326606/

Leave a Reply

Your email address will not be published.