By Western News/ 2021 February 16

ရခိုင်ပြည်နယ် သံတွဲမြို့၌စစ်အာဏာရှင်အလိုမရှိကြောင်းဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်း ပြည်သူများ ထိုင်သပိတ်ဆန္ဒပြကြရာတွင် ပါဝင်သည့် ကျောင်းသား ၂ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ကို ရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည်ဟု သိရသည်။ဖမ်းဆီးခံရသူများမှာ မမြဝင်း၊ ကိုအောင်ခိုင်မြင့်နှင့် ကိုမောင်မောင် တို့ဖြစ်ပြီး ၎င်းတို့ ၃ ဦးကို ရဲစခန်းမှတစ်ဆင့် တပ်မတော်တပ်ရင်း (၅၅) သို့ ၂ ဦး၊ တပ်ရင်း(၅၆၆) သို့ ၁ ဦးစသဖြင့်အသီးသီးပို့ဆောင်လိုက်သည်ဟု သံတွဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က Western News ကိုပြောသည်။” ဖမ်းဆီးခံရတာက သုံးဦး၊ မိန်းကလေးတစ်ဦးနဲ့ယောက်ျားလေးနှစ်ဦး၊ အခုတော့ သူတို့ကို တပ်မတော်တပ်ရင်းကို ပို့လိုက်တယ်လို့ သိရတယ်”ဟု ပြောသည်။ဖြစ်စဉ်မှာ ယနေ့ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီကျော်အချိန်ခန့်တွင် ကျောင်းသားများဦးဆောင်၍အင်အား ၁၀၀၀ ဝန်းကျင်ခန့်က သံတွဲမြို့မာဃ လမ်းမ၌ ငြိမ်းချမ်းစွာဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင် ၂၀ ခန့်က ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မျက်မြင်သံတွဲဒေသခံတစ်ဦးကပြောသည်။” ကျောင်းသားတွေကဦးဆောင်ပြီးတော့ဆန္ဒပြကြတာ။ အင်အားကတစ်ထောင်ဝန်းကျင်ရှိတယ်။ သူတို့ကမာဃ လမ်းမမှာ ထိုင်သပိတ်ပြနေကြတာကို ရဲ ၂၀ ခန့်က ဝင်ဖမ်းသွားတာ”ဟုပြောသည်။အဆိုပါကျောင်းသား ၃ ဦးဖမ်းဆီးခံလိုက်ရပြီးနောက် မာဂိုတ်လမ်းမကို ရဲအင်းအား ၄၀ ခန့်နှင့် တပ်မတော်သားအင်အား ၃၀ ခန့် စုစုပေါင်း ပူးပေါင်းအင်အား ၇၀ ခန့်ကို လုံခြုံရေးချထားပေးလိုက်သည်ဟုသိရသည်။Western News သတင်းဌာနစုံစမ်းရရှိသလောက် စစ်တပ်ကအာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်တွင် အာဏာသိမ်းအစိုးရအား ဆန့်ကျင်ရေးပြုလုပ်မှုကြောင့်ဖမ်းဆီးခံရသူစုစုပေါင်းမှာ ၁၃ ဦးထက်မနည်းဖမ်းဆီးခံထားရသည်။
https://www.facebook.com/102405104899336/posts/232282468578265/