By Western News/ 2021 February 10

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရှိမြို့ကြီးများ၌ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားမှု များကျယ်ပြန့် လာသည်နှင့်အမျှ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်ရှိမြို့နယ် ၆ မြို့နယ်နှင့် ပလက်ဝမြို့တို့တွင်လည်း ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်ခဲ့ကြသည်။ယင်းသို့ စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြမှုများပြုလုပ် ခဲ့သည့် တောင်ကုတ်၊ မာန်အောင်၊ ဂွ၊ ကျိန္နလီ၊ သံတွဲ၊အမ်း၊နှင့်ပလက်ဝမြို့နယ်များက ၈ ဦးဖမ်းဆီးခံထားရပြီး ၃ ဦးမှာပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။ ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ဆန္ဒပြရာ၌ပါဝင်ခဲ့သော တောင်ကုတ်မြို့မှ ဆန္ဒပြရာတွင်ပါဝင်သည့် NLD မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်၊ ကိုသန့်ဇင်ဖြိုးနှင့် အမ်းမှ ဒေါ်ပုမ၊ မရတနာအောင်၊ စိုးကလျာထွန်း၊ ဦးအောင်ငြိမ်းတို့ကို ရဲစခန်း၌ပြန်မလွှတ်ဘဲ ထိန်းသိမ်းထားသည်ဟု သိရသည်။ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အမ်းမြို့မရဲစခန်း၌ထိန်းသိမ်းခံထားရသူ ၄ ဦးထဲမှ ဦးအောင်ငြိမ်းကို နံနက်ပိုင်းကပြန်လွှတ်ပေးလိုက်သော်လည်း ကျန် ၃ ဦးကိုပြန်မလွှတ်ပေးသေးဟု Western News ကစုံစမ်းသိရှိရသည်။အလားတူ အမ်းမြို့နယ်တွင်ဆန္ဒပြရာ၌ပါဝင်သူ နောက်ထပ် ၃ ဦး ကိုလည်း ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့မှ နေအိမ်သို့ လာရောက်ကာဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သတင်းများထွက်ပေါ် နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပါ။ နောက်ထပ်လည်း ဆန္ဒပြရာတွင်ပါဝင်သူများကို ရဲတပ်ဖွဲ့မှ ဆက်လက်လိုက်လံဖမ်းဆီးနေသည် ဟုဒေသခံများကပြောဆိုကြသည်။မာန်အောင်မြို့နယ်တွင်လည်း ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားရာတွင်ပါဝင်ခဲ့သူ မခင်ထိပ်ထားလှိုင်နှင့် ဦးဘိုးနွှဲ့တို့ ၂ ဦးကို နေ့လယ်ပိုင်းအချိန်ခန့်က ရဲတပ်ဖွဲ့များက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ညနေ ၁၀ နာရီကျော်အချိန်ခန့်တွင် ပြန်လွှတ်ပေးလိုက်သည်ဟု ဒေသခံများကပြောဆိုကြသည်။ယနေ့နံနက်ပိုင်းတွင်လည်း တောင်ကုတ်မြို့နယ်ရဲစခန်းရှေ့တွင် ဖမ်းဆီးခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖေါ်တောင်းဆိုလျှက်ရှိကြသည်။
https://www.facebook.com/102405104899336/posts/228062055666973/