By Western News/ 2021 February 10

လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေများနှင့်ပတ်သက်ပြီး ပြည်ပမှ တင်သွင်းနေသည့် ကုန်ပစ္စည်းများ ရပ်တန့်သွားလျှင် ရခိုင်တွင် တစ်ပတ်အတွင်း ကုန်စျေးနှုန်းများ လက်ရှိစျေးထက် ၅၀ ရာခိုင်နှုန်းခန့်မြင့် တက်သွားလာနိုင်ကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများပိုင်ကုမ္ပဏီလီမီတက်မှ တာဝန်ရှိသူ ဦးခင်မောင် ကြီးသုံးသပ်ပြောဆိုသည်။လက်ရှိတွင်လည်း ပြည်မမှနိုင်ငံရေး အခြေအနေများကြောင့် ဆန်နှင့် တစ်ခြားသောအခြေခံစားသောက်ကုန် ပစ္စည်းတစ်ချို့မှာ စျေးနှုန်းအငယ်ကျဆင်းနေသော်လည်း တစ်ချို့မှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း ထိမြင့်တက်နေပြီး ကုန်တင်သွင်းမှုသာ ရပ်တန့်သွားခဲ့လျှင် အခြေခံစားသောက်ကုန်စျေးနှုန်းမှာ ၅၀ ရာခိုင်နှုန်းထိ မြင့်တက်သွားနိုင်ကြောင်း ဦးခင်မောင်ကြီး ကသုံးသပ်ပြောဆိုသည်။“လက်ရှိ ကတော့အဲ့ဒီဖက်က ကုန်စည်စီးဆင်းမှုတွေက သိပ်မပြတ်သေးဘူး။ ဒါပေမယ့် အဲဒီဖက်တွေက အခုလက် ရှိနိုင်ငံရေးအခြေအနေတွေကြောင့် လုပ်ငန်းတွေဘာတွေရပ်ဆိုင်းတာတွေကြားနေရတော့ ဒီလိုဆိုရင် ကုန်စျေးနှုန်း တွေဟာ မြင့်တက်လာနိုင်ပါတယ်။ နောက် တစ်ပတ်ထဲမှာ ဗမာပြည်ဖက်ကလာတဲ့ ကုန်စျေးနှုန်းတွေဟာ ၅၀ ရာ ခိုင်နှုန်းလောက်ထိမြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။ အဲဒီဖက်က ဝယ်ထားတဲ့ကုန်တွေက ခုဆိုရင်လမ်းမှာလာတုန်းပဲရှိမယ်။ နောက်တစ်ခါပြန်တင်သွင်းဖို့ရပ်တန့်သွားရင် ကုန်စျေးနှုန်းက ၅၀ ရာခိုင်နှုန်းကို မြင့်တက်နိုင်တယ်။ လက်ရှိမှာ ပြည်တွင်းထွက်ကုန်တွေက ၁၅ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်းထိ စျေးတက်နေပြီ။ ဗမာပြည်ကလာတာတွေက ခုချိန်မှာ စျေးမတက်သေးပေမယ့်နောက် တစ်ပတ် အတွင်းမှာ ၅၀ ရာခိုင်နှုန်းကျော်ကျော်ကို စျေးတက်လာ နိုင်တယ်”ပြောသည်။ရခိုင်ပြည်နယ်အတွင်းသို့ မန္တလေး၊ ရန်ကုန်နှင့်ပြည် စသည့်မြို့နယ်များမှ ခြေခံစားသောက်ကုန်များ၊ အထည် အလိပ်များနှင့် စက်မှုစက်သုံးကုန်များကို အဓိကတင်သွင်းနေကြပြီး နိုင်ငံရေးအခြေအနေ မတည်ငြိမ်လျှင် စျေးနှုန်းများ မြင့်တက်လာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုသည်။ရခိုင်ပြည်နယ်မှ ကုန်သည်များအနေဖြင့်လည်း ပြတ်တောက်သွားနိုင်သည့်ကုန်စည်များကို ဆိုးဆိုးဝါးဝါး စျေးနှုန်းများမဖြစ်စေရန် အချင်းချင်းတိုင်ပင်လုပ်ဆောင်သင့်သည်ဟုလည်း ဦးခင်မောင်ကြီးက အကြံပြုပြောဆိုသည်။လက်ရှိ နိုင်ငံရေးအခြေအနေများကြောင့် ရခိုင်ပြည်နယ်တွင် ဆန်စျေးနှုန်းနှင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ကြက်သွန်နီ ၊ကြက်သွန်ဖြူနှင့် ဆီစသည်တို့မှာ စျေးနှုန်းအနည်းငယ် မြင့်တက် နေသည် ကိုတွေ့ရသည်။
Western News -WN
https://www.facebook.com/102405104899336/posts/228243375648841/