ရခိုင်မှ စစ်ဘေးရှောင်စခန်းတစ်ချို့တွင် သောက်သုံးရေများလိုအပ်နေ

By Western News / February 23 / 2021

Western News – ဖေဖော်ဝါရီလ ၂၃ ရက်

ပွင့်လင်းရာသီသို့ရောက်ရှိလာသည်နှင့်အမျှ စုပေါင်းကာလူဦးရေထောင်ချီလျှက်နေထိုင်ကြရသည့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ချို့တွင် သောက်သုံးရေများရှားပါးလာနေသည်ဟု စခန်းတာ၀န်ရှိသူများနှင့် စစ်ဘေးရှောင်များကပြောသည်။

လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် ကျောက်တော်မြို့နယ် ညောင်ချောင်းစစ်ဘေးရှောင် စခန်းတွင် သောက်သုံးရေကို ကျေးရွာရှိ သောက်ရေကန် ၆ ကန်မှ အသုံးပြုနေကြရသော်လည်း လက်ရှိအချိန်တွင် ကန်မှာသောက်သုံးရေများခမ်းခြောက်လာနေသဖြင့် ဇီးချောင်းဆည်မှရေကိုပိုက်ဖြင့်သွယ်၍သုံးစွဲနေရသည်ဟု စခန်းတာ၀န်ခံကိုခိုင်မျိုးအောင်ကပြောသည်။

“ကျွန်တော်တို့စခန်းမှာ အခုရေအရေးပိုလိုအပ်နေတယ်။ စစ်ဘေးရှောင်တွေက ရွာမှာရှိတဲ့သောက်ရေကန် ၆ ကန်ကရေကိုအသုံးပြုနေရတာ အခုတော့ကန်တစ်ကန်မှာပဲ ရေအနည်းငယ်ရှိတော့တယ်။ ဒါကြောင့် ဇီးချောင်းဆည်ကရေကိုပိုက်နဲ့သွယ်လို့သုံးနေရတယ်။ဇီးချောင်းကရေကိုသုံးနေရပေမဲ့ အဆင်မပြေဘူး၊အလှူရှင်တွေလိုအပ်နေတယ်”ဟု ပြောသည်။

ယင်းအပြင် စစ်ဘေးရှောင်များအနေဖြင့် ဇီးချောင်းဆည်မှရေကိုအသုံးပြုနေရသော်လည်း လုံးလောက်မှုမရှိသဖြင့် အလှုရှင်များကလာရောက်လှုဒါန်းပေးမှသာလုံလောက်မှုရှိမည်ဖြစ်သည်ဟု ယင်းစခန်းတွင်ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးလှမောင်ကျော်ကပြောသည်။

အလားတူ မြောက်ဦးမြို့နယ်၌ စစ်ဘေးရှောင်လူဦးရေအများဆုံးနေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်လည်း သောက်ရေကန်၌ရေခမ်းခြောက်လာနေသဖြင့် ရေအခက်အခဲများကြုံတွေ့လာနေရသော်လည်း လက်ရှိအချိန်ထိအလှုရှင်များလာရောက်လှုဒါန်းမှု မရှိသေးဟု စခန်း၌ခိုလှုံနေသည့် စစ်ဘေးရှောင်ဦးလှပြည့်အောင်ကပြောသည်။

“ကျွန်တော်တို့မှာက ရေအတွက်ကန်တစ်ကန်တည်းပဲ ရှိတာ၊အခုတော့ကန်မှာ ရေခန်းလာနေပြီ၊ ကျန်ရှိတဲ့ရေက ၁၅ ရက်လောက်ပဲသောက်သုံးလို့မယ်ထင်တယ်၊အရင်နှစ်တွေကဆိုရင် အလှုရှင်တွေလာရောက်လှုဒါန်းမှုတွေရှိတယ်၊အခုတော့ အလှုရှင်တွေလည်းမရောက်ကြဘူး၊” ဟု ပြောသည်။

ထို့အတူစစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၄၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်း စက်မှုဇုန် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ ရှားပါးသည့် ပြဿနာနှင့် ကြုံနေရသည့်အပြင် အနီးအနားကျေးရွာများမှလည်း ရေလုံးဝ မရရှိတော့သည့် အတွက် သောက်ရေနှင့် သုံးရေ ၂ ခုလုံးကို ဝယ်သုံးစွဲနေရကြောင်း စခန်းတာဝန်ခံထံများကပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့်အတွက် မြောက်ဦး၊မင်းပြား၊မြေပုံ၊ ကျောက်တော်၊အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့၌ စုစုပေါင်းစစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/236627154810463/

Leave a Reply

Your email address will not be published.