ရခိုင်မြောက်ပိုင်း စစ်ဒဏ် ရင်ဆိုင်နေရဆဲဖြစ်၍ ဆန္ဒပြရာတွင် မပါဝင်နိုင်သေး

နှစ်နှစ်တာ စစ်ပွဲဒဏ်ခံခဲ့ရသော ရခိုင်မြောက်ပိုင်းသားတို့က NLD အစိုးရကို သဘောမကျသော်လည်း စစ်ကောင်စီကို မထောက်ခံဟု ဆိုကြသည်

By Myanmar now/ 2021 February 17

အထင်ကရမြို့ဖြစ်သော မြောက်ဦးမြို့သည်လည်း စစ်ဒဏ်အကြီးအကျယ် ခံစားခဲ့ရသည်။
(ဓာတ်ပုံ- Myanmar Now)

ရခိုင်မြောက်ပိုင်းတွင် စစ်ကြောင့် အခက်အခဲပေါင်းများစွာ ဆက်လက်ရင်ဆိုင်နေရသောကြောင့် အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများ မပြုလုပ်နိုင်ခြင်း ဖြစ်ကြောင်း ဒေသခံအများစုက ပြောသည်။

အဆိုပါဒေသများတွင် တပ်မတော်နှင့် ရက္ခိုပ့်တပ်တော်(AA) တို့ နှစ်နှစ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် လတ်တလော တိုက်ပွဲများ ရပ်တန့်နေသော်လည်း  ဒေသခံတို့သည် နေရပ်ပြန်နိုင်ရေး၊ စစ်ကျန်လက်နက်ကြီး အန္တရာယ်များပါ ရင်ဆိုင်နေရသေးသည်။ 

 NLD အစိုးရကို မကြိုက်နှစ်သက်သော်လည်း စစ်တပ်က အာဏာသိမ်းယူမှုအပေါ် သဘောမကျ လက်မခံနိုင်ကြောင်း ဒေသခံများက ဆိုသည်။ 

“စစ်တပ်က အာဏာသိမ်းတာကိုတော့ သဘောမကျဘူးပေါ့။ စစ်အာဏာရှင်က တစ်ခါမှကောင်းတာမရှိဘူး ကျွန်တော်တို့ခေတ်မှာ။ နောက်ပြီးတော့ ဒီမိုကရေစီအစိုးရတောင်မှ မသေချာတာတောင် စစ်အာဏာရှင်က ကျွန်တော်တို့အတွက် ဘယ်လောက်ထိ သေချာမှုရှိပါမလဲ။ ကျွန်တော်တို့က စစ်အာဏာသိမ်းတာကို အစကတည်းက သဘောမကျပါ” ဟု ဘူးသီးတောင်မြို့မှ ဦးမောင်သာဖြူက ပြောသည်။

ရခိုင်မြောက်ပိုင်း၌ နှစ်နှစ်တာ စစ်ပွဲကာလအတွင်း ဒေသခံပြည်သူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့ပြီး လူဦးရေ နှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးရှောင်ဒုက္ခသည်အဖြစ်သို့ ရောက်ရှိခဲ့ကြရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပမှီ ရက်ပိုင်းအလို ရခိုင်ဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ အပစ်အခတ် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ 

အပစ်အခတ် ရပ်တန့်သွားသော်လည်း ဒေသခံ တစ်သိန်းရှစ်သောင်းကျော်သည် နေရပ်မပြန်ရဲသေးဘဲ ဒုက္ခသည်စခန်းများတွင် ယနေ့အထိ ဆက်လက်ခိုလှုံနေရသည်။ 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အရပ်သားအစိုးရ NLD ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအာဏာကို ဖေဖော်ဝါရီ ၁ တွင် တပ်မတော်က သိမ်းယူလိုက်ပြီးနောက် နိုင်ငံ့အနှံ့ လမ်းပေါ်ထွက် ကန့်ကွက်နေကြသည်။

စစ်ဒဏ် အကြီးကျယ်ခံခဲ့ရသော ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် ဆန္ဒပြပွဲများ မပြုလုပ်ဘဲ ရခိုင်တောင်ပိုင်း မြို့နယ်အချို့တွင်သာ ဆန္ဒပြနေကြသည်။ 

“ရခိုင်တောင်ပိုင်းမှာကျတော့ ပဋိပက္ခနည်းတယ်။ ကျွန်တော်တို့ မြောက်ပိုင်းမှာကျတော့ မွေးလာကတည်းက ပဋိပက္ခနဲ့ မွေးလာတာဆိုတော့ အရင်တုန်းက ဘဂါလီ ပဋိပက္ခ၊ နောက်ပြီးတော့ ပြည်တွင်းစစ်၊ ကိုဗစ် ၁၉ ။ (AA နှင့် တပ်မတော်တိုက်ပွဲ) ပြည်တွင်းစစ်ဆိုလည်း ကျွန်တော်တို့ဆီမှာ အကြီးအကျယ်ဖြစ်ခဲ့တာ။ ကျွန်‌တော်တို့ဆီမှာ နည်းနည်း ငြိမ်နေတဲ့အချိန်၊ မပါဝင်ချင်တာတော့ မဟုတ်ဘူး” ဟု ဦးမောင်သာဖြူက ပြောသည်။

ရသေ့တောင်မြို့ပေါ်မှ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးစံသိန်းကမူ တိုင်းရင်းသားများကို NLD ပါတီက ဂရုမစိုက်ခဲ့၍ ပြည်သူများက ခံစားချက်ရှိခဲ့သောကြောင့် လက်ရှိအခြေအနေတွင် ဆန္ဒပြရန် စိတ်မဝင်စားခြင်းဖြစ်သည်ဟု ပြောသည်။

“NLD ကလည်း အာဏာရတဲ့အခါ ဒီရခိုင်ဘက်တွေကို အားလုံးကို အကျိုးပြုတဲ့ လုပ်ငန်းတွေ တစ်ခုမှ လုပ်မပေး။ အဲဒါတွေကို ကိုယ်တို့ဘက်က ကျေနပ်မှု မရှိကြဘူး။ တပ်မတော်နဲ့ အရင်တုန်းက ဖြစ်တုန်းကလည်း ရခိုင်လူထုတွေကို အရမ်းဒုက္ခပေးတာများတယ်။ အဲဒီအတွက် နှစ်ဘက်လုံးကို အားမပေးဘဲ ကိုယ့်ရခိုင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ လူတွေ၊ ပါတီတွေကိုပဲ အားပေးကြတဲ့သဘောရှိတယ်” ဟု ဦးစံသိန်းက ပြောသည်။

အရေးအခင်းများကို ကျော်ဖြတ်ခဲ့ပြီး လိုချင်သည့် အရာကိုလည်း တောင်းဆိုခဲ့ကြပြီး ဖြစ်ကြောင်း၊ ဆက်လက်ဆူပူမှု၊ မငြိမ်းချမ်းမှုများကို မလိုလားသောကြောင့် စစ်တပ်အာဏာသိမ်းယူမှု အပေါ် သဘောမကျသော်လည်း ကန့်ကွက်ဆန္ဒပြခြင်းများကို မလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရခိုင်မြောက်ပိုင်း မောင်တောမြို့ခံတစ်ဦးက ပြောသည်။

“စစ်အာဏာရှင်ကိုတော့ ကျွန်တော်တို့ မုန်းပါတယ်၊ မလိုချင်ပါဘူး။ ပြီးတော့ မြန်မာနိုင်ငံလုံးမှာ ဆန္ဒပြနေကြတယ်။ ရခိုင်တောင်ပိုင်းမှာပါ ဆန္ဒပြနေကြတယ်။ ဒီဘက်မြောက်ပိုင်းမှာ ဘာလို့မပြကြလဲဆိုတော့ ကျွန်တော်တို့ မြောက်ပိုင်းသားတွေက အရေးအခင်းပေါင်းမြှောက်များစွာနဲ့ ကြုံခဲ့ဖူးပြီးပြီ။ အဲဒီတုန်းကလည်း ကျွန်တော်တို့လိုချင်တဲ့ဟာကို ဆန္ဒပြပြီးတောင်းဆိုခဲ့တာ လည်ချောင်းတောင် ခြောက်ကုန်တယ်ဗျ” ဟု အဆိုပါ မောင်တောမြို့ခံက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီ(ANP) က နေရာအများစု အနိုင်ရခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နေရာ အပါအဝင် အစိုးရဖွဲ့နိုင်ရေးကို NLD သို့ တောင်းဆိုခဲ့သည်။ 

NLD က ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ပါတီမှ ဂွအမတ် ဦးညီပုကို ခန့်အပ်ခဲ့သောကြောင့် ANP သည် ပြည်နယ်လွှတ်တော်တွင် အတိုက်အခံ အဖြစ် ရပ်တည်ခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲလည်း ရခိုင်မြို့နယ်အများစု လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း ရခိုင်အမျိုးသားပါတီကပင် ထပ်မံအနိုင်ရခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီ၌ ANP မှ ဒေါ်အေးနုစိန်က ကောင်စီအဖွဲ့ဝင်အဖြစ် တာဝန်ယူထားသည်။ 

တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အပေါ်  နိုင်ငံအနှံ့ရှိ  မြို့ကြီးများနှင့် ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်အချို့မှ ပြည်သူအများအပြား ဆန္ဒပြကန့်ကွက်မှုများ အရှိန်မြင့်လုပ်ဆောင်လျက်ရှိနေသည်။

https://www.facebook.com/518067831674293/posts/2025481637599564/

Leave a Reply

Your email address will not be published.