By Development Media Group / February 18
ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ((NLD)၏ ရခိုင်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးလေးက အတည်ပြုပြောဆိုသည်။ဦးညီပုအား မည်သည့်ရဲစခန်းတွင် မည်သူကအမှုဖွင့်သည်ကို မသိရသေးဘဲ နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် အမှုဖွင့်ခံထားရသည်ကို သိရှိထားရကြောင်း NLD ပါတီက ဆိုသည်။“သူတို့က ၅၀၅ (ခ)နဲ့စွဲတယ်ပေါ့။ စွဲတယ်ဆိုတော့ ကျွန်တော်တို့ဘက်တော့ ရှေ့နေတွေငှားပြီး ဥပဒေကြောင်း အရရင်ဆိုင်မယ်” ဟု ဦးစိုးလေးကဆိုသည်။လာမည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဦးညီပုအား စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည် ဟုလည်း ၎င်းကဆက်ပြောသည်။ဦးညီပုအား လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုမသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ် နေကြသည်။“၅၀၅(ခ)နဲ့ အမှုဖွင့်ခံရတယ်လို့ ကြားနေရတယ်။ ကျွန်မတို့လည်း အတိအကျမသိရဘူး။ သတင်းကတော့ အဲလို ကြားနေရတယ်။ ခေါ်သွားတဲ့နေကစပြီး ဒီနေ့အထိတော့ အဆက်သွယ်လည်းမရသေးပါဘူး” ဟု ဦးညီပု သမီး ဖြစ်သူ မကြည်ကြည်ဦးကပြောသည်။ယခုကဲ့သို့ ဝန်ကြီးချုပ်ဦးညီပုအား အမှုဖွင့်လှစ်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး တရားဝင်အကြောင်းစာပေးပို့ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်စေလိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ရခိုင်ပြည်နယ်)က ဆိုသည်။နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)သည် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ပေသည်။ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းစဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ပြန်လည်လွှတ်ပေးခဲသည်။ယင်းနောက် ဦးညီပုမှ ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် တပ်တော်သားများမှ လာရောက်ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ဂွမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာမှ အနိုင်ရရှိထားသည့် ဦးရဲခေါင်ညွန့်နှင့် တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်တို့မှာလည်း တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းမှုကိုခံထားရပြီး လက်ရှိအချိန်ထိအဆက်အသွယ်မရရှိသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။
https://www.facebook.com/466648543487562/posts/1947136878772047/