By Narinjara/ 2021 February 3
အိမ်စိုးဖြူ

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှသည် တပ်မတော်သားများ၏ထိန်းသိမ်းထားခြင်းကိုခံနေရသည်မှာ ၃ ရက်ကြာမြင့်နေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ လွတ်မြောက်လာခြင်းမရှိသေး၍ စိုးရိမ်မိကြောင်း မိသားစုဝင်များကပြောသည်။ဇနီးဖြစ်သူ ဒေါ်ဝင်းမူက “မနေ့က ဝန်ကြီးချုပ်တို့နဲ့အစိုးရအဖွဲ့ဝင်တွေအားလုံးလွတ်တယ်လို့ သတင်းကြားတော့ သူ့ကိုလည်း လွတ်မယ်လို့ ထင်ခဲ့တယ်။ အခုထိမလွတ်လာသေးဘူး။ အေးအေးချမ်းချမ်းလုပ်လို့ရပါတယ်။ နိုင်ငံရေးအရရော ဆူဆူပူပူလုပ်မယ့် လူတွေမဟုတ်ဘူးလေ ဒီလူတွေက။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့အလုပ်လုပ်ပါစေ။ သူ့ကိုအမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။” ဟုပြောသည်။ဦးစံကျော်လှတစ်ဦးတည်းအား ဖမ်းဆီးခံထားခြင်းမျိုးမဟုတ်ဘဲ တိုင်းနှင့် ပြည်နယ်အချို့မှ လွှတ်တော်ဥက္ကဋ္ဌများသည်လည်း ထိန်းသိမ်းခံထားရသည်ဆိုသဖြင့် အနည်းငယ် စိတ်သက်သာရာရသော်လည်း ရခိုင်မှ ဖမ်းဆီးခံထားရသည့် ပြည်နယ်ဝန်ကြီးချုုပ်အပါအဝင်အားလုံးမှာ ပြန်လည်လွတ်မြောက်လာပြီး သူမ၏ အမျိုးသားတစ်ဦးတည်းသာ ကျန်နေသေးသဖြင့် စိတ်ပူမိခြင်းဖြစ်ကြောင်းပြောသည်။တပ်မတော်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်မှ ဝန်ကြီးချုပ်ဦးညီပု၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာ၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့်အတွင်းရေးမှူး ဦးသူရိန်ထွဋ်တို့သည် တပ်မတော်၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ယင်းနောက် ရသေ့တောင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဒေါ်တင်လှိုင်နှင့်အတွင်းရေးမှူး ဦးသူရိန်ထွဋ်တို့ကို ယင်းနေ့ ညနေပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ပြီး ရခို်င်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာနှင့် လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့ကို ဖဖော်ဝါရီ ၂ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုုင်းအထိ ဦးစံကျော်လှအား ပြန်လွှတ်မပေးသေးဘဲ စစ်တွေမြို့ အမှတ်(၂ဝ)တပ်ရင်းရှိ ဗန္ဓုလရိပ်သာတွင် ထိန်းသိမ်းခံနေရကြောင်း သိရသည်။
https://www.facebook.com/151742128171206/posts/4016519521693428/