By Western News/ 2021 February 13

ဖေဖော်ဝါရီ ၁၂ ရက်နေ့ မြန်မာတစ်နိုင်ငံလုံးတွင် အကျဉ်းသားများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ရခိုင်တစ်ပြည်နယ်တစ်ပြည်လုံးမှ အကျဉ်းသား ၆၄၆ ဦးကိုလွတ်မြောက်ပေးလိုက်သည်ဟု ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှှူးကြီးမင်းသန့်က Western News ကို ပြောသည်။
” လွတ်ပေးလိုက်တာက ၆၄၆ ဦး။ ဒါပေမဲ့ တို့ဆီမှာကနိုင်ငံရေးအကျဉ်းသားတွေမရှိဘူး။ ပြစ်မှုပြစ်ဒဏ်ကျတဲ့သူတွေကိုလွတ်ပေးတာ။ AAနဲ့ဆက်စပ်သူတွေပါတယ် ဘယ်နှစ်ဦးပါလည်းဆိုတာကိုတော့အသေးစိတ်မသိသေးဘူး”ဟု ပြောသည်။
လွတ်မြောက်လာသူများမှာ စစ်တွေအကျဉ်းထောင်မှ ၂၃၁ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၁၅၃ ဦး၊ သံတွဲအကျဉ်းထောင်မှ ၉၉ ဦးနှင့်ဘူးသီးတောင်အကျဉ်းထောင်မှ ၁၆၃ ဦးတို့ဖြစ်ပြီး ၎င်းတို့ထဲတွင် နိုင်ငံရေးအကျဉ်းသားများမပါဝင်ကြောင်း ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။
ရခိုင်တစ်ပြည်နယ်လုံးမှ အကျဉ်းသား ၆၄၆ ဦးကိုလွတ်မြောက်ပေးလိုက်သော်လည်း AAနှင့် ဆက်စပ်သည်ဟု ဆိုကာဖမ်းဆီးထားသူများမပါဝင်လာကြောင်း ရခိုင်တွင် နိုင်ငံရေးအမှုနှင့် ထောင်ကျ အမှုရင်ဆိုင်နေရသူများကို ကူညီဆောင်ရွက်ပေးနေသူ မေယုဒေသကူညီကယ်ဆယ်ရေးအဖွဲ့က ဥက္ကဌ ကိုမေယုထွန်းကပြောသည်။
” မနေ့ကလွတ်ငြိမ်းချမ်းသာခွင့်မှာAAနဲ့ဆက်စပ်သူတွေမပါဘူး။ သူတို့က အမှုမပြတ်သေးလို့မလွတ်တာ။ AAကိုအကြမ်းဖက်အဖွဲ့က ပယ်ဖျက်မှသာ သူတို့ကလွတ်မြောက်လာမှာဖြစ်တယ်”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုနေ့တွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့်စခန်းအသီးသီးတို့မှ မြန်မာနိုင်ငံသား ၂၃၃၁၄ ဦးနှင့် နိုင်ငံခြားသား ၅၅ ဦးတို့ကို လွှတ်ပေးလိုက်ကြောင်း အစိုးရပိုင်ကြေးမုံသတင်းစာအရသိရသည်။
ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းကဆိုသည်။
https://www.facebook.com/102405104899336/posts/230022682137577/