By Western News/ 2021 February 13
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်မြို့နယ်တစ်ချို့တွင် မိုင်းရှင်းလင်းရေးဆောင်ရွက်သွားမည်ဟုပြောဆိုထားသော်လည်း မိုင်းရှင်းလင်းရေးလုပ်မည့် နေရာနှင့်အချိန်ကို သေချာမသိသေးကြောင်း ရခိုင်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က Western News ကိုပြောသည်။
“လောလောဆယ်တော့ ရှင်းဖို့တော့ပြင်နေတာပဲ။ ဘယ်မှာရှင်းမယ်ဆိုတာကိုတော့ မသိသေးဘူး။ ဘယ်နေ့မှာစပြီးမိုင်းရှင်းလင်းရေးလုပ်မယ်ကိုတာကိုလည်း သေချာမသိသေးဘူး။ လောလောဆယ်တော့ တပ်ကတာဝန်ယူပြီးလုပ်မှာပေါ့။ မိုင်းရှင်းရေးမှာပါတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကတော့ နည်းပါတယ်။ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့က ICRC နဲ့ ကြက်ခြေနီတို့လောက်ပဲပါတယ်” ဗိုလ်မှူးကြီးမင်းသန့်ကပြောသည်။
မိုင်းရှင်းလင်းရေးလုပ်ဆောင်ရာတွင် ရက္ခိုင့်တပ်တော် AA နှင့်ပူးပေါင်းဆောင်ရွက်ရန် အစီအစဉ်ရှိသလားဟု မေးမြန်းရာတွင်လည်း တပ်မတော်နှင့် AA တို့ ညှိနှိုင်းဆွေးနွေးနေတုန်းဖြစ်သည့်အတွက် အကြီးအကဲများသာသိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
“ဒါကတော့ တရားဝင်စာချုပ် NCA တွေလည်း မထိုးရသေးတဲ့ကိစ္စ၊ တိုင်ပင်ဆွေးနွေးနေတဲ့ကိစ္စတွေဆိုတော့ ပြောလို့မရသေးဘူး။ AA နဲ့ပူးပေါင်းပြီးတော့ မိုင်းရှင်းရေးလုပ်မယ်ဆိုတာကိုတော့ အကြီးအကဲတွေပဲသိမှာပေါ့။ ဒါကတော့ ညှိတုန်းနှိုင်းတုန်းဆိုတော့လေ”ဟုပြောသည်။
လက်ရှိတွင် နေအိမ်ပြန်လိုကြသည့်စစ်ဘေးရှောင်များက သက်ဆိုင်ရာဌာနများသို့ စာရင်းလာပေးနေမှုများရှိနေပြီး ပေးပို့လာသည့်စစ်ဘေးရှောင်စာရင်းများကိုလည်း စီစစ်လျှက်ရှိကြောင်း ဗိုလ်မှူးကြီးမင်းသန့်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်းတွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှစတင်ကာ တိုက်ပွဲများရပ်တန့်နေသည့်အတွက် နေရပ်ပြန်သွားကြသည့် စစ်ဘေးရှောင်များလည်းရှိနေပြီး ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ၏ ဒီဇင်ဘာ ၃ ရက်စာရင်းအရ စစ်ရှောင်စခန်းပြင်ပနှင့် စခန်းတွင်နေထိုင်သည့်လူဦးရေမှာ ၁၉၄၀၉၄ ဦးထိရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကျန်လက်နက်များပေါက်ကွဲခြင်း၊ မြေမြုပ်မိုင်းပေါက်ကွဲခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည့် ဒေခံပြည်သူ ၄၁ ဦးထိရှိပြီး၊ ထိခိုက်ဒဏ်ရာရရှိသွားသူမှာ ၇၇ ဦးထိရှိသည်ဟု ရခိုင်မျိုးနွယ်စုများအစည်းအရုံး၏ ပြီးခဲ့သော ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့က မှတ်တမ်းအရသိရသည်။
https://www.facebook.com/102405104899336/posts/230165742123271/