By Western News/ 2021 February 11


စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ရခိုင်ပြည်နယ်မှ မြို့နယ် ၆ မြို့နယ်တို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ၌ ဖမ်းဆီးမှုတချို့ရှိနေသော်လည်း သံတွဲမြို့နယ်တွင် ၄ ရက်ဆက်တိုက် ဆန္ဒပြခဲ့ကြသည်ဟု ဒေသခံများကပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြကြသည့်မြို့နယ်များမှာ သံတွဲ၊ဂွ၊ကျိန္တလီ၊ မာန်အောင် ၊တောင်ကုတ်နှင့် အမ်းမြို့နယ်များဖြစ်ပြီး အမ်းမြို့နယ်တွင်ဆန္ဒပြရာ၌ပါဝင်သည့် ဒေသခံ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅ အပြင် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် တရားစွဲဆိုခံထားရသည်။
သံတွဲတစ်မြို့နယ် တွင်ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်ကာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ထိ ၄ ရက်ဆက် တိုက်လူဦးရေ ၃၀၀၀ နှင့် ၅၀၀၀ ကြား စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေကြသည်ဟု သံတွဲမြို့နယ်မှလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ကပြောသည်။
“သံတွဲမှာဆန္ဒပြတာက ၈ ရက်နေ့ကစတယ်၊ဒီနေ့အထိပဲ၊လူဦးရေက ၃၀၀၀ နဲ့ ၅၀၀၀ ကြားရှိတယ်၊ ဖမ်းဆီးမှုတွေတော့မတွေ့ရသေးဘူး”ဟုပြောသည်။
အမှုဖွင့်ခံထားရသည့်အမ်းဒေသခံ ၇ ဦးမှာ မမိုင်ရတနာအောင်၊မပုမကျော်၊ မစောကလျာထွန်း၊ ဒေါ်လမင်းကျော်၊ ကိုမျိုးအောင်ချို၊ မနီလာအောင်နှင့်ဦးညီဖြူတို့ဖြစ်ကြသည်။
အမ်းဒေသခံကိုမျိုးလွင်က “အမ်းမှာက စစ်အာဏာရှင်ဆန့်ကျင်ကြောင်းတစ်ရက်ပဲဆန္ဒပြခဲ့တယ်၊ နောက်တစ်နေ့မှာတော့ တပ်မကိုထောက်ခံကြောင်း တပ်မိသားစုဝင်တွေကဆန္ဒပြခဲ့တယ်။ ဒီနေ့တော့ မပြကြဘူး။ ဆန္ဒပြရာမှာပါဝင်တဲ့လူငယ်တစ်ချို့ဆိုရင် တိမ်းရှောင်နေကြရတယ် “ဟုပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်မာန်အောင်မြို့နယ်၌ဆန္ဒပြခေါင်းဆောင် ၂ ဦးဖြစ်သည့် ဦးဖိုးနွဲ့နှင့် မခင်ထိပ်ထားလှိုင်တို့ကို နေ့လယ်ပိုင်းကရဲတပ်ဖွဲ့ကဖမ်းဆီးသွားသော်လည်း ညနေပိုင်း ၁၀ ကျော်အချိန်ခန့် တွင်ပြန်လွှတ်ပေးလိုက်သည်။
ယင်းအပြင် ဖေဖော်ဝါရီလ ၁ဝရက်နေ့တွင်လည်းဆန္ဒပြရာပါဝင်သည့် ကိုအောင်မြင့်ဦး၊ မအိစောမွန်၊ ကိုခန့်ဝေလင်းနှင့် ကိုမျိုးလင်းဇော်တို့ကို မြို့နယ်အထွေ/အုပ်ရုံး၌ ခံဝန်လက်မှတ်ထိုးခဲ့ရသည်ဟု ကာယကံရှင်များကပြောဆိုထားကြသည်။
အလားတူ တောင်ကုတ်မြို့နယ်၌ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင်ဆန္ဒပွဲပြုလုပ်ခဲ့ပြီးနောက် တောင်ကုတ်မြို့နယ် NLD ပါတီဝင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့ကို ရဲတပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်းထားပြီး ယနေ့အချိန်ထိပြန်မလွှတ်သေးကြောင်း ဒေသခံတစ်ဦးကပြောဆိုကြသည်။
” တောင်ကုတ်မှာကတစ်ရက်ပဲပြခဲ့တယ်၊ ကိုမင်းအောင်နဲ့ကိုသန့်ဇင်ဖြိုးတို့လွှတ်ပေးဖို့အတွက်တော့ ရဲစခန်းရှေ့မှာနှစ်ရက်ဆန္ဒပြခဲ့ကြတယ်၊အခုထိတော့ပြန်မလွတ်သေးဘူး”ဟု ပြောသည်။
ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် NLD ပါတီဝင်တစ်ချို့ ဖမ်းဆီးခံရပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဌ ၆ ဦးမှာလည်းဖမ်းဆီးခံထားရသည်။
Western News-WN
https://www.facebook.com/102405104899336/posts/228810672258778/