By Western News / February 14 / 2021

Western News- ဖေဖော်ဝါရီ ၁၄ ရက်
ရခိုင်စစ်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ၊ အသက်သေဆုံးသူများအတွက် တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးရန်နှင့် အကြမ်းဖက် ဥပဒေစသည်တို့ဖြင့် ဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ပြန်လွှတ်ပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုနေကြသည်။
ရခိုင်ပြည်နယ်တွင် AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ ၂၆၉ ဦးထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းကဆိုသည်။
ယခုကဲ့သို့ ဖမ်းဆီးခံရသူများမှာ နိုင်ငံရေးမကြေလည်မှုမှ ဖြစ်ပေါ်လာရခြင်းဖြစ်၍ တပ်မတော်နှင့် AA အပစ်အခက်ရပ်စဲပြီး နိုင်ငံရေး အရတွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေချိန်တွင် မတရားဖမ်းဆီးခံထားရသူများကို အမြန်ဆုံးပြန်လွတ်ပေးဖို့လိုအပ်ကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ ဒါရိုက်တာ ဦးငြိမ်းချမ်း က Western News ကိုပြောသည်။
“ခုတပ်မတော်နဲ့ AA အပြန်အလှန်နားလယ်မှုနဲ့ အပစ်အခက်ရပ်စဲထားတဲ့အချိန်မှာ အကြမ်းဖက်ဥပဒေတွေနဲ့ တရားစွဲဆိုထားတဲ့ သူတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့တောင်းဆိုချင်တယ်။ ဒီလိုဖမ်းဆီးမှုတွေက နိုင်ငံရေးမကြေလည်မှုကထွက်ပေါ်လာရတာဖြစ်တယ်။ အခုနိုင်ငံရေးအရ တွေ့ဆုံးဆွေးနွေးမှုတွေလုပ်ရင် ဖမ်းဆီးခံထားရသူတွေကို ဥပဒေနဲ့အညီ သေချာစီစစ်ပြီး အမှုတွေကို ရုပ်သိမ်းပေးဖို့၊ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လိုအပ်တယ်”ဟုပြောသည်။
AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူများကို လွှတ်ပေးပြီး၊ တရားစွဲဆိုထားသော အမှုများကိုရုပ်သိမ်းပေးလျှင် ရခိုင်ပြည် သူများအနေဖြင့် ပြည်ထောင်စုအစိုးရနှင့် တပ်မတော်အပေါ် အပြုသဘောဆောင်သည့် အမြင်များရှိလာမည်ဟု ဦးငြိမ်းချမ်းက ထောက်ပြပြောဆိုသည်။
အကြမ်းဥပဒေစသည်တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထာသူများကို လွှတ်ပေးလျှင် AA နှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ပို၍ထိရောက် နိုင်သည်ဟု ရခိုင်မျိုးနွယ်များအစည်းအရုံး (REC)မှ အထွေထွေအတွင်းရေးမှု ကိုဇော်ဇော်ထွန်း ကသုံးသပ်ပြောဆိုသည်။
“AA နဲ့ပတ်သက်တယ်ဆိုပြီးဖမ်းဆီးထားသူတွေကိုလည်း လက်ရှိအစိုးရအနေနဲ့လွတ်ပေးသင့်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ အဲ့လိုလွတ်ပေးလိုက်မှပဲ AA နဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ၊ အပစ်အခတ်ရပ်စဲရေးတွေလုပ်တဲ့အခါမှာ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေရပြီးတော့ ပိုပြီးထိရောက်မှာဖြစ်တယ်” ဟုပြောသည်။
ရခိုင်မျိုးနွယ်များအစည်းအရုံး (REC) က ကောက်ယူထားသော စာရင်းမှတ်တမ်းအရ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့အကြာ ၂ နှစ်နီးပါကြာ ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် သေဆုံးသူအရပ်သားပြည်သူ ၃၄၀ ကျော်ရှိသည့်အပြင် ပျောက်ဆုံးနေသူ ၂၀ ကျော်ရှိသည်ဟုဆိုသည်။
လက်ရှိတပ်မတော် အစိုးရအနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မြေမြှပ်မိုင်းများကြောင့် သေဆုံးထိုခိုက်သူများနှင့် စစ်ကြောရေးများအတွင်း သေဆုံးထိခိုက်သူပြည်သူများကို ကူညီထောက်ပံ့ပေးမှုများပြုလုပ်လျှင် ရခိုင်ပြည်သူများအနေဖြင့် တစ်စုံတစ်ရာ စိတ်သက်သာရာရနိုင်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းလုပ်ဆောင်ရန် မြေပုံမဲဆန္ဒနယ်မှ ပြသည်သူလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက တိုက်တွန်းပြောဆိုသည်။
“ရခိုင်ပြည်သူတွေစိတ်သက်သာရာရအောင်၊ နောက်ထပ်ဒီလိုဆိုးကျိုးတွေမဖြစ်ရအောင် စာရင်းပြုစုနေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး၊ တက်နိုင်သလောက် အကူအညီပေးတာတွေ၊ နစ်နာသူတွေကို လျော်ကြေးပေးတာတွေ လုပ်ဖို့ တိုက်တွန်းချင်တယ်” ဟုပြောဆိုသည်။
https://www.facebook.com/102405104899336/posts/230896785383500/