ရခိုင်က မြို့နယ်လေးခုတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံထားရသူ ၁၉ ဦးထိရှိ

By Development Media Group / February 17

ရခိုင်ပြည်နယ်မှ စစ်အာဏာရှင်စနစ်စဆန့်ကျင်ကြောင်း ဆန္ဒပြမှုများရှိသည့် အမ်း၊ မာန်အောင်၊ သံတွဲနှင့် တောင်ကုတ်မြို့နယ်များတွင် ယနေ့ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ဖမ်းဆီးခံရသည့် ဒေသခံ ၁၉ ဦးအထိ ရှိကြောင်းသိရသည်။ဖမ်းဆီးခံရသူများထဲတွင် အမ်းမြို့မှ ၇ ဦး၊ တောင်ကုတ်မှ ၆ ဦး၊ မာန်အောင်မှ ၂ ဦးနှင့် သံတွဲမှ ၄ ဦးတို့ ဖြစ်ကြသည်။သံတွဲမြို့မှ ဖမ်းဆီးခံထားရသူ ၄ ဦးမှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကာ ယနေ့(ဖေဖော်ဝါရီလ ၁၇ ရက်)အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း အမည်မဖော်လို့သည့် သံတွဲဒေသခံတစ်ဦးက ပြောသည်။“အခုထိတော့ ဘာမှမကြားသေးဘူး။ ဒီနေ့ဆန္ဒမပြရင်တော့ လွှတ်ပေးမယ်ဆိုပြီး အပေးအယူလုပ်ထားတယ်။ ဒါပေမဲ့ မလွတ်လာသေးဘူး၊ မိဘတွေကတော့ စိတ်ပူနေကြတာပေါ့၊ ဘယ်မှာဖမ်းထားတယ်ဆိုတာလဲ မသိဘူး” ဟု ၎င်းကပြောသည်။တောင်ကုတ်မြို့နယ်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်အပါအဝင် (၃) ဦး ဖမ်းဆီး ခံထားရပြီး ယနေ့ဆန္ဒပြရန်လာရောက်သည့် NLD ပါတီဝင် လူငယ် (၃)ဦးအား ထပ်မံဖမ်းဆီးလိုက်ကြောင်း တောင်ကုတ်ဒေသခံ ဦးစိုးသီဟက ပြောသည်။“အခုအဖမ်းခံထားရတဲ့အထဲမှာ ပြောရရင်လည်း အကုန်လုံးက NLD ပါတီဝင်တွေထဲကပါပဲ၊ ပါတီဝင်က ၅ ယောက်ရှိမယ်၊ ဒေသခံကတစ်ယောက်ပါမယ်” ဟု ၎င်းကဆိုသည်။သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များမှ ဒေသခံများအား ပြန်လည်လွတ်ပေးခြင်းမရှိသေးသလို မည်သည့် နေရာတွင်ဖမ်းဆီးထားသည်ကို မသိရသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။ ထို့ပြင် အမ်းမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့မှ ဆန္ဒပြရာတွင်ပါဝင်မှုဖြင့် ဒေသခံ (၉) ဦးအား သဘာဝ ဘေးအန္တာရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ-၂၅ နှင့် ငြိမ်းစုစီပုဒ်မ- ၁၉ တို့ဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်း များတွင် အမှုဖွင့်ထားကြောင်းလည်း သိရသည်။

https://www.facebook.com/466648543487562/posts/1946607655491636/

Leave a Reply

Your email address will not be published.