By Development Media Group / February 14

ကူးစက်ရောဂါကူးစက်မှုမြင့်တက်ခဲ့သည့် ကာလက ညမထွက်ရအမိန့်ထုတ်ပြန်ထားခဲ့သည့် ရခိုင်က မြို့နယ် အချို့ကို ညမထွက်ရအမိန့် ပြန်လည်ရုပ်သိမ်းလိုက်ပြီး တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့သည့် မြို့နယ်များတွင် ထုတ်ပြန် ထားသည့် ညမထွက်ရအမိန့်ကိုမူ လုံခြုံရေးအခြေအနေအရ ပြန်လည်ရုပ်သိမ်းနိုင်ခြင်း မရှိသေးကြောင်း သိရသည်။ကူးဗစ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ရခိုင်က သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်၊ တောင်ကုတ်၊ ရမ်းဗြဲ၊ ပေါက်တောနှင့် စစ်တွေမြို့နယ်တို့တွင် ညမထွက်ရအမိန့်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က စတင်ထုတ်ပြန်ခဲ့သည်။လက်ရှိမှာ ကိုဗစ်ကူးစက်ပြန့်ပွားမှုများ ကျဆင်းသွားသည့်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က အဆိုပါမြို့နယ်များတွင် ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးကပြောသည်။“အခုက ကိုဗစ်ပိုးကမတွေ့တော့ဘူးလေ၊ ထိန်းချုပ်နိုင်သွားပြီ။ အခုဆိုရင် ကျနော်တို့လေယာဉ်လက်မှတ်တွေ ဝယ်ဖို့ တစ်နေ့သုံးရာလောက်စစ်တာပေါ့။ အဲဒီသုံးရာမှာ ပိုးကတစ်ယောက်စ၊ နှစ်ယောက်စတောင် မတွေ့ တော့ဘူး။ ဆေးရုံမှာဆိုလည်း တစ်ယောက်၊နှစ်ယောက်လောက်ပဲရှိတော့တယ်။ အဓိက ကိုဗစ်ထိန်းချုပ်နိုင် သွားလို့လေ” ဟု ၎င်းကဆိုသည်။သို့သော် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ အမ်း၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်များတွင်ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်များကိုမူ ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးပေ။ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက “လောလောဆယ်ပြန်ရုပ်သိမ်းဖို့ မရှိသေးဘူး။ နှစ်ဖက်ဆွေးနွေးညှိနှိုင်းလို့ရရင်တော့ တစ်မျိုးပြောင်းလဲသွားနိုင်တာပေါ့” ဟု ၎င်းကဆိုသည်။အဆိုပါမြို့နယ်များတွင် အုပ်ချုပ်ရေးယန္တရားခိုင်မာစွာတည်ဆောက်နိုင်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလကစတင်ကာ ညမထွက်ရအမိန့် ထုတ်ပြန်ထားခဲ့ခြင်းဖြစ်သည်။
https://www.facebook.com/466648543487562/posts/1943990155753386/