ရခိုင်က စစ်ဘေးရှောင်စခန်းများတွင် ယာယီအဆောက်အဦးများကိုပြန်လည် ပြုပြင်ရန်လိုအပ်နေ

By Western News / February 24 – 2021

Western News – ဖေဖော်ဝါရီ ၂၄ ရက်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ စစ်ဘေးရှောင်များနေထိုင်သော ယာယီအဆောက်အဦးများမှာ အမိုးအကာများနှင့် တိုင်များမှာ ဆွေ့မြဲ့ ကျိုးပဲ့နေပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြင်ရန်လိုအပ်နေကြောင်း စခန်း တာဝန်ခံ များထံမှ သိရသည်။

ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းကြီးများဖြစ်သည့် ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးရှောင်စခန်း၊ မြောက်ဦးမြို့နယ်မှ တိမ်ညိုစစ်ဘေးရှာင်စခန်းနှင့် အစိုးရနှင့် နိုင်ငံခြားအဖွဲ့ အစည်းများ၏ ထောက်ပံ့ မှုလုံးဝမရရှိသည့် မြေပုံမြို့နယ်မှ စညှင်းစစ်ဘေးရှောင်စခန်းတို့တွင် စစ်ဘေးဒုက္ခသည်များနေထိုင်သည့် ယာယီအဆောက် အဦးများမှာ ပြန်လည်ပြုပြန်ရန်လိုအပ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ခံများက Western News သို့ပြောသည်။

အိမ်ထောင်စု ၈၂၀ ကျော်ရှိသည့် ကျောက်တော်မြို့နယ်ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ယာယီအဆောက်အဦး သုံးပုံနှစ်ပုံခန့်မှာ အမိုးအကာများ ပျက်စီးပေါက်ပြဲပျက်စီးကာ တိုင်ခြေရင်းများ ကျိုးပဲ့နေပြီဖြစ်သည့် အတွက်မိုးရွာလျှင် စစ်ဘေးရှောင်များအခက်တွေ့နိုင်ကြောင်းတာဝန်ခံ ကိုခိုင်မျိုးအောင် ကပြောသည်။

ကျွန်တော်တို့ စခန်းကို စတင်ပြီး တည်ဆောက်တာက ၁ နှစ်ပတ်လည်ရှိတော့မှာလေ။ ၁ နှစ်တောင်ပြည့်တော့မှာဆိုတော့ တိုင်တွေကလည်း သစ်သားတွေနဲ့မဟုတ်ဘူး။ ကွမ်းသီးတိုင်တွေနဲ့အဆင်ပြေသလို တည်ဆောက်ထားတာ။ပြီးတော့ အမိုးတွေလည်း ဓနိတွေနဲ့ မိုးထားတာဆိုတော့ အမိုးတွေက ပေါက်ပြဲနေပြီ။ နွရောသီထဲမှာ မိုးရွာရင် ကျွန်တော်တို့ စစ်ဘေးရှောင်တွေဟာ အခက်တွေ့နိုင်တယ်။ကျွန်တော်တို့မှာ ယာယီအဆောက်အဦးထဲက ၃ ပုံ ၂ ပုံ ဟာပြန်လည်ပြုပြင်ဖို့လိုအပ်နေပါပြီ။ကျွန်တော် UNHCR ကို အကူအညီတောင်းခံထားတာတော့ရှိပါတယ်။ သူတို့ ဖက်က ကူညီမယ်။ မကူညီဘူးဆိုတာတော့ သိပ်မသေချာ ဘူးပေါ့နော်ဟုပြောသည်။

ယင်းပြင် စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၇၀၀ ကျော်ရှိသည့် တိမ်ညို စစ်ဘေးရှောင်စခန်းတွင်လည်း ယာယီအဆောက်အဦးများမှာ ၃ နှစ်နီးပါးကြာပြီဖြစ်သည့်အတွက် ပြန်လည်ပြုပြန်ရန်လိုအပ်နေပြီဟု စစ်ဘေးရှောင် ဦးလပြည့်ကပြောသည်၊။

ကျွန်တော်တို့ ဒီကိုရောက်တာ ၃ နှစ်ပြည့်တော့မယ်။ ကျွန်တော်တို့ ဒီရောက်တုန်းက နေဖို့ရရင် အဆင်ပြေပြီဆိုပြီး ဒီအတိုင်း ဓနိတွေကလည်း သိပ်မကောင်းဘူး။ တိုင်တွေကလည်း အောက်ခြေကနေ ကျိုးပဲ့နေပြီ။ အကာတွေကလည်း တာလာပတ်ဆိုတော့ ပေါက်ပြဲနေပါပြီ။ ကျွန်တော်တို့မှာ မိုးသာရွာရင် နေထိုင်ရတာ လုံးဝအဆင်ပြေတော့မှာ မဟုတ်ဘူး။ တစ်ချို့ကတောတောင်တွေသွားပြီး အပင်တွေ ခုတ်ပြီးတော့ တတ်နိုင်သလောက်လုပ်ထားတာတွေရှိတယ်။ ဒါပေမယ့် တောတောင်တွေကလည်း အကုန်သွားခုတ်လို့ မရဘူးလေ။ အဲဒါကြောင့် ကျွန်တော်တို့ ယာယီအဆောက်အဦးတွေပြန်လည်ပြုပြင်ဖို့ အကူအညီတွေလိုအပ်ပါတယ် ဟုပြောသည်။

ထို့ပြင် အစိုးရနှင့်နိုင်ငံခြားအဖွဲ့အစည်းများမှ ထောက်ပံ့မှု လုံးဝမရရှိနိုင်သည့် မြေပုံမြို့နယ် စညှင်းစစ်ဘေးရှောင် စခန်းတွင်လည်း ယာယီအဆောက်အဦးများပြန်လည်ပြုပြန်ရန်အတွက် ပြည်တွင်း၊ပြည်ပမှ အလှူရှင်များ လိုအပ်ကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးသုဝဏ္ဏစက္က ကပြောသည်။စညှင်း စစ်ဘေးရှောင်စခန်းဟာ အားလုံးက သိတဲ့အတိုင်းပဲ အစိုးရနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှု ဟာ လုံးဝရရှိတာမဟုတ်ဘူး။ ကိုယ်တော်တို့ ဒီအဆောက်အဦးတွေဆောက်တုန်းကလည်း တိုင်တွေကို ဝါးတွေနဲ့ လုပ်ထားတာတွေရှိတယ်။ ဝါးဆိုတော့ သိတဲ့အတိုင်းပဲ မခိုင်ခံ့ဘူး။ ပြီးတော့ မိသားစု တစ်ခုလုံးနေ ရတာဆိုတော့ ဝါးတွေက ဘယ်ခံနိုင်ပါတော့မလဲ။ အမိုးအကာတွေကော မကောင်းတော့ ဘူး။ပြုပြင်သင့်နေပြီ။ ကိုယ်တော်ပြုပြင်ဖို့ အတွက် ပြည်တွင်းပြည်ပက အလှူရှင်တွေကို အကူညီတောင်းခံဖို့ တော့ စီစဉ်ထားပါတယ်။ မိုးရာသီမတိုင်မီ သူတို့ အိမ်မပြန်နိုင်ရန် အသေအချာ ပြုပြင်ဖို့ကို လိုအပ်နေတယ် ဟုပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ်အသီးသီးရှိ စစ်ဘေးရှောင်စခန်းများ အားလုံးနီးပါးသည် ယာယီအဆောက်အဦးများသာ ဖြစ်သည့် အတွက် စစ်ဘေးဒုက္ခသည်များမှာ နွရောသီမကုန်မီ အိမ်မပြန်နိုင်ပါက ယာယီအဆောက်အဦးများကို ပြုပြင်ပေးရန်လိုအပ်နေပြီဖြစ်သည်။

ရခိုင်ပြည်နည်တွင် တပ်မတော်နှင့် အေအေတို့ ၂ နှစ်ကျော်ကြာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် နေရပ်ကို စွန့်ခွာကာ စစ်ဘေးရှောင်စခန်း ယာယီအဆောက်အဦးနှင့် စစ်ဘေးဒုက္ခသည်စခန်းအပြင်တွင် နေထိုင်သည့် ဦးရေမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့ထိ ၁၉၅၀၀၀ ကျော်ရှိသည်ဟု ရခိုင်မျိုးတိုင်းရင်းသားမျိုး နွယ်များအစည်းအရုံး REC ၏ စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/237414121398433/

Leave a Reply

Your email address will not be published.