မြန်မာတွင် ကိုဗစ်လူနာ ၁၄၀,၀၀၀ ကျော်ရှိလာ၊ အာရှတွင် ကူးစက်မှုအမြင့်ဆုံး အဆင့် ၂၄ ဖြစ်

By DVB/ 2021 February 2

မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၄၀,၀၀၀ ကျော်ရှိလာပြီးနောက် အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၄ နေရာကို ရောက်ရှိနေပါတယ်။

တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၀၄ သန်း နီးပါး ရှိလာခဲ့ပြီဖြစ်ကာ သန်းနဲ့ချီ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရပြီး သေဆုံးသူအရေအတွက်ကတော့ ၂ ဒသမ ၂ သန်းကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းလာသူအရေအတွက် ၇၅ ဒသမ ၈ သန်းကျော် ရှိနေတာပါ။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၂၆ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၄ သိန်းခွဲကျော်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁ သိန်းခွဲကျော်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၉ သန်း ကျော်၊ သေဆုံးသူ ၂ သိန်း ၂ သောင်းကျော်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှား၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက ကူးစက်ခံရသူ ၃ သန်းကျော်၊ စပိန်၊ အီတလီ၊ တူရကီ၊ ဂျာမနီနဲ့ ကိုလံဘီယာနိုင်ငံတွေက ကူးစက်ခံရသူ ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၉,၅၉၄ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၆ ယောက်နဲ့ နိုင်ငံအလိုက် အမှတ်စဉ် ၈၃ နေရာထိ ကျဆင်းသွားခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံး အိန္ဒိယ၊ တူရကီ၊ အီရန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက သန်းချီကူးစက်ခံထားရပြီး အစ္စရေးနဲ့ အီရတ်နိုင်ငံတွေက ရောဂါကူးစက်ခံရသူဦးရေ ၆ သိန်း ကျော်၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ကူးစက်ခံရသူဦးရေ  ၅ သိန်းကျော်စီနဲ့ အသီးသီး ရှိနေပါတယ်။

အဲဒီနောက်မှာတော့ ဂျပန်နိုင်ငံက ရောဂါကူးစက်ခံရသူ ၃၈၉,၅၁၈ ယောက်၊ သေဆုံးသူ ၅,၇၂၂ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၁၀ နေရာမှာ ရှိ နေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံကတော့ ရောဂါကူးစက်ခံရသူ ၂၂၂,၆၂၈ ယောက်၊ သေဆုံးသူ ၇၉၁ ယောက်နဲ့ အာရှဒေသတွင်း ကူးစက်မှုအမြင့်ဆုံးအဆင့် ၁၈ နေရာမှာ ရှိနေတာပါ။

ကူးစက်မှုအမြင့်ဆုံးအဆင့် ၂၄ နေရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံမှာတော့ ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြု လူနာစုစုပေါင်း ၁၄၀,၃၅၄ ယောက်၊ သေ ဆုံးသူ ၃,၁၃၈ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၁၂၅,၃၂၄ ယောက်ရှိပြီလို့ ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာလည်း ပါဝင်နေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၉,၅၈၄ ယောက်နဲ့ အဆင့် ၃၂ နေရာမှာ ရှိနေပြီး ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၂၀,၄၅၄ ယောက်နဲ့ အဆင့် ၃၅ နေရာမှာ ရှိနေပြီး သေဆုံးသူအရေအတွက် ၇၉ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၈၅၀ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၈၀ ယောက်နဲ့ သေ ဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယား၊ တီမော၊ မကာအိုနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၅၀၀ အောက်မှာ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

https://www.facebook.com/191574990881009/posts/3990124247692712/

Leave a Reply

Your email address will not be published.