By Western News / February 11 / 2021
Western News – ဖေဖော်ဝါရီ ၁၁ ရက်
မီးလောင်ဆုံးရှုံးသွားသည့် ကျောက်တော်မြို့နယ် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၈၀ ကျော်ထဲမှ နေအိမ် ၄၀ ကို ဆောက်လုပ်ပြီးစီးနေပြီး ဖြစ်သော်လည်း လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ကျန်နေအိမ်များကို ဆက်လက်ဆောက်လုပ်ရန်မှာ မသေရှာသေးကြောင်း နေအိမ်များ ဆောက်လုပ်နေသည့် စိုးသန်းနိုင်ဆောက် လုပ်ရေးကုမ္ပဏီကပြောသည်။
လက်ရှိတွင် ဘုရားပေါင်းကျေးရွာမှ နေအိမ် အလုံး ၂ဝနှင့် တောင်ပေါက်ကျေးရွာမှနေအိမ်အလုံး ၂ဝစုစုပေါင်း နေအိမ် အလုံး ၄၀ လုံးမှာ ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်ပြီး ကျန်ရှိနေသည့် နေအိမ်များကို ဆောက် လုပ်နိုင်ရန်အတွက် ပြည်နယ်အစိုးရတည်ဆောက်ရေးလုပ်ငန်း စီစစ်ရေးကော်မတီမှ တစ်စုံတစ်ရာ ပြောဆိုလာခြင်းမရှိသေးကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးစိုးဝင်းနောင်ကပြောသည်။
“ကျွန်တော်တို့ ခုလက်ရှိမှာတော့ ဘုရားပေါင်းကျေးရွာမှာ ၂၀ ရယ်၊ တောင်ပေါက်ရွာမှာ ၂၀ ရယ် ဆောက်တာပေါ့နော်။ စုစုပေါင်းက အိမ်အလုံး ၄၀ မှာ ၄၀ လုံးကတော့ အမိုးရော၊ အကာကော ပြီးသွားပါပြီ။ အခင်းနဲ့ တံခါးတပ်ဖို့ကတောင်ပေါက်ရွာမှာ အိမ် ၂၀ ကျန်ပါသေးတယ်။ ပြီးတော့ အကာလုပ်ဖို့က ၂ အိမ်ကျန် ပါသေးတယ်” ဟုပြောသည်။
ဘုရားပေါင်းကျေးရွာနှင့် တောင်ပေါက်ကျေးရွာများ မီးလောင်နေအိမ်များကိုပြန်လည် ဆောက်လုပ်ရန်အတွက် ဘုရားပေါင်းရွာမှ ၁၀၈ အိမ်၊ တောင်ပေါက်ရွာမှ ၇၆ အိမ်ကို ယခင်ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တင်ဒါခေါ် ယူခဲ့ကြောင်းလည်းသိရသည်။
လက်ရှိအချိန်တွင် အဆိုပါ နှစ်ရွာမှ နေအိမ် ၄၀ ကို ဆောက်လုပ်ပြီးစီးတော့မည်ဖြစ်သော်လည်း လက်ရှိအချိန်ထိ အစိုးရထံမှ ငွေမရသေးကြောင်း ၎င်းကဆက်ပြောသည်။
“ကျွန်တော်တို့က ဖောင်ဒေးရှင်းပြီးရင် ၂၅ ရာခိုင်နှုန်းရမယ်။ အိမ်ခေါင်မိုးပြီးရင်၂၅ ရာခိုင်နှုန်းနဲ့ အခင်းတွေအကာ တွေ၊ပြတင်းတံခါးတွေပီးရင် ၇၅ ရာခိုင်နှုန်းပေါ့။ နောက်ဆုံး အိမ်သာလေးတွေပါပြီးရင် ကျန် ၂၅ ရာခိုင်နှုန်းရမှာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ လုပ်လာတဲ့အတိုင်းကို ပြီးစီးနေတဲ့ ၅၀ ရာခိုင်နှုန်းကို ပြည်နယ်တည်ဆောက်ရေးလုပ်ငန်းကော်မတီရုံးကို ရမဲ့ငွေတွေကိုတင်ထားတာပေါ့။ ခုလို အပြောင်းအလဲ တွေဖြစ်သွားတော့ ကျန်နေတဲ့ အိမ်တွေကို ဘယ်လိုဆောင်ရွက်သွားမယ်ဆိုတာတော့ မသိသေးဘူး။ ကျွန်တော် တို့ ငွေလည်းတစ်ပြားမှ မရသေး ပါဘူး”ဟုပြောသည်။
မီးလောင်ဆုံးရှုံးသွားသည့် ဘုရားပေါင်း ကျေးရွာနှင့်တောင်ပေါက်ကျေးရွာများမှ နေအိမ်များတည် ဆောက်ရာတွင် တစ်ရွာလျှင် နေအိမ်အလုံး ၂၀ ခန့် ဆောက်လုပ်ချိန် ၂ လကျော်ထိ ကြာမြင့်ခဲ့ ကာ ကျန်နေအိမ်များဆောက်လုပ်ပေးရန်မသေချာနိုင်သေးသည့်အတွက် မိုးရာသီတွင် နေစရာမရှိပဲ အခက်ကြုံရနိုင်သည်ဟု နေအိမ် မီးလောင်ဆုံးရှုံးသွားသူ ဘုရားပေါင်းကျေးရွာမှ ဦးသာထွန်းလှကပြောသည်။
“ကျွန်တော်တို့ရွာမှာေ နအိမ် အလုံး ၂၀ တော့ ဆောက်ပေးပြီပေါ့နော်။ ကျွန်တော်တို့က မပါသေးဘူး။ယာယီ တဲအိမ်လေးထိုးပြီး နေထိုင်နေတာ။ အစိုးရက ဆောက်လုပ်ပေးမယ်ဆိုလို့ အားကိုးကြီးနဲ့နေနေတာခုအိမ် ၂၀ ကိုတောင် ၂ လကျော်တောင် ကြာတယ်ဆိုတော့ ကျန်တဲ့အိမ်တွေကို မိုးရာသီမီပါ့မလား။ မိုးရာသီရောက်ရင် ကျွန်တော်တို့ နေထိုင်ဖို့ တော်တော် လေးကို အခက်ကြုံမှာပါ။”ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ကြား တိုက်ပွဲများတိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ကျေးရွာပေါင်း ၄၈ ရွာမှ နေအိမ်ပေါင်း ၂၀၀၅ အိမ်မီးရှို့ခံခဲ့ရပြီး ယင်းထဲတွင် ကျောက်တော်မြို့နယ်မှ ဘုရားပေါင်းနှင့် တောင်ပေါက် ကျေးရွာ ၂ ရွာမှ တစ်ရွာလျှင် အိမ် ၂၀ လုံး စုစုပေါင်း နေအိမ် အလုံး ၄၀ ကို တစ်အိမ်လျှင် ငွေကျပ်သိန်း ၅၀ ဖြင့်ဆောက်လုပ်ပေးနေသည်ဟု စည်ပင်ဝန်ကြီး ဦးဝင်းမြင့်က Western News ကိုပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်း အချိန်တွင် ဘုရားပေါင်းကျေး ရွာအနီးရှိကားလမ်း၌ မိုင်းပေါက်ကွဲပြီးနောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ရာတွင် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁၀ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ ဆောင်တို့မီးရှို့ခံလိုက်ရခြင်းဖြစ်သည်ဟုကျေးရွာသားများက ပြောဆို ကြသော်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့မှ ထုတ်ပြန်ရာတွင် AA အဖွဲ့မှ မီးရှို့ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
https://www.facebook.com/102405104899336/posts/228863182253527/