မိမိတို့၏ ရည်မှန်းချက်များအောင်မြင်ရေး ဆက်လက်တိုက်ပွဲဝင်ကြရန် ဝန်ကြီးချုပ်ဦးညီပု ပန်ကြား

By Western News/ 2021 February 9

ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်ကြသည့် ပြည်သူများကို ချီးကျူး ဂုဏ်ပြုပြီး မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် ရခိုင်ဝန်ကြီးချုပ်ဦးညီပုက လွန်ခဲ့သော ၆ နာရီခန့်က သူ၏ လူမှုကွန်ရက်မှတဆင့် ၁ မိနစ်နှင့် ၇ စက္ကန့်ရှိသည့် ဗွီဒီယိုဖိုင်ဖြင့် ပြည်သူများသို့ ပန်ကြားခဲ့သည်။
အဆိုပါ ပန်ကြားချက်တွင် ဦးညီပုက လူကိုချုပ်ထား၍ရသော်လည်း စိတ်ဓာတ်ကိုချုပ်ထား၍မရကြောင်း၊ ယုံကြည်ချက်ကို ချုပ်ထား၍မရကြောင်း၊ ထို့ကြောင့် ပြည်သူနဲ့အတူ အမြဲထာဝရရှိနေကြောင်း၊ ပြည်သူများလိုလားသော ဒီမိုကရေစီစနစ် ဤနိုင်ငံ၌ပေါ်ထွန်းပေါ်ပေါက်ရမည်ဖြစ်ပြီး အာဏာရှင်စနစ် ကျဆုံးရမည်ကို ဆိုသည်ကို ယုံကြည်ပြီးသားဖြစ်ကြောင်းပြောဆိုခဲ့သည်။
“ပြည်သူပြည်သားအားလုံးနဲ့ အားလုံးကို အသိပေးပန်ကြားချင်ပါတယ်။ ကျွန်တော်ကို လူကိုချုပ်ထားလို့ရပေမယ့် စိတ်ဓာတ်ကိုတော့ ချုပ်ထားလို့မရဘူး။ ယုံကြည်ချက်ကို ချုပ်ထားလို့မရဘူး။ ဒါကြောင့်မို့လို့ ပြည်သူနဲ့အတူ အမြဲထာဝရ ရှိနေတယ်။ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ် ဒီနိုင်ငံမှာ ပေါ်ထွန်းရမယ်။ ပေါ်ပေါက်ရမယ်။ အာဏာရှင်စနစ်ကျဆုံးရမယ်ဆိုတာကို ယုံကြည်ပြီးသား။ ဒါကြောင့်မို့လို ပြည်သူတွေနဲ့အတူ အမြဲတမ်းထာဝရ လက်တွဲပြီးတော့ ဒီနေ့အာဏာရှင်စနစ်ကျဆုံးရေးနဲ့ ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေကိုချီးကျုးတယ်။ ဂုဏ်ပြုတယ်။ အားပေးတယ်။ ဂုဏ်ယူတယ်။ ဒါကြောင့်မို့လို့ ဆက်လက်ပြီး တော့ မိမိတို့ရဲ့ ရည်မှန်းချက်တွေအောင်မြင်ရေးအတွက် တိုက်ပွဲဝင်ကြပါဟု ပန်ကြားအပ်တယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအဝှမ်း၌ စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒပြလုပ်ဆောင်မှုများ ကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်ရှိမြို့နယ်များဖြစ်သော အမ်း၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီ၊ မာန်အောင်စသည့် မြို့နယ်တွင် စစ်အာဏာရှင်ကျဆုံးရေး ဆန္ဒထုတ်ဖော်မှုများရှိလာနေသည်။

https://www.facebook.com/102405104899336/posts/227616252378220/

Leave a Reply

Your email address will not be published.