မာန်အောင်မြို့ဆန္ဒပြမှုတွင်ပါဝင်သည့် လူငယ်လေးဦးကို ခံဝန်ထိုးခိုင်း

By Development Media Group / February 10

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စစ်အာဏာရှင်စန်အလိုမရှိကြောင်း ယနေ့(ဖေဖေါ်ဝါရီ ၁၀ ရက်) ဆန္ဒပြ ရာတွင်ပါဝင်သည့် လူငယ်လေးဦးကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှခေါ်ယူပြီး ခံဝန်ထိုးခိုင်းခဲ့ကြောင်း ကာယကံရှင် များကပြောသည်။ယင်းသို့ ဆန္ဒပြမှုကြောင့် ခံဝန်လက်မှတ်ရေးထိုးခဲ့ရသူများမှာ မအိစောမွန်၊ ကိုခန့်ဝေလင်း၊ ကိုမျိုးလင်းဇော်နှင့် ကိုအောင်မြဦးတို့ ဖြစ်ကြသည်။ကိုခန့်ဝေလင်းက “ဘာမှတော့အထွေအထူးမပြောဘူး။ နောက်စီတန်းလှည့်လည်တာတို့လုပ်ရင် ငြိမ်းစုစီတင်ပြီး လုပ်ဖို့၊ နောက်တစ်ခါ အခုလိုမျိုးမလုပ်တော့ပါဘူးဆိုတာကို ဝန်ခံကတိထိုးခဲ့ရတာ” ဟု ၎င်းကပြောသည်။ယနေ့ဆန္ဒပြရာတွင် စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းအပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးတို့ကို တောင်းဆိုခဲ့ကြသည်။ခံဝန်ထိုးခဲ့ရသည့် မအိစောမွန်က “အခုကျွန်မတို့လုပ်တာက NLD ပါတီကို တပ်မတော်က သိမ်းလိုက်လို့ လုပ်တာမဟုတ်ဘူး။ စစ်အင်ဏာရှင်အောက်မှာနေလာတာကြာခဲ့ပြီ။ ဒီမိုကရေစီစနစ်ကိုတက်လှမ်းဖို့ လုပ်နေ ချိန်မှာ စစ်တပ်ကထပ်တစ်ကြိမ်အာဏာသိမ်းတာကိုမလိုလားလို့ အခုလိုတောင်းဆိုမှုတွေလုပ်တာ” ဟု ဆိုသည်။တပ်မတော်အာဏာသိမ်းမှု ကန့်ကွက်ဆန္ဒပြမှုများကို မာန်အောင်မြို့နယ်အတွင်းတွင် ဖေဖေါ်ဝါရီလ ၆ ရက် နေ့မှစတင်လုပ်ဆောင်နေပြီး ဆန္ဒပြမှုကြောင့် မခင်ထိပ်ထားလှိုင်နှင့် ဦးဖိုးနွဲ့တို့နှစ်ဦးကိုလည်း ဖေဖေါ်ဝါရီလ ၉ ရက်နေ့က ရဲစခန်းမှခေါ်ယူကာ ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့သည်။

https://www.facebook.com/466648543487562/posts/1940976682721400/

Leave a Reply

Your email address will not be published.