ဗုံးသီးဟောင်း တစ်လုံးထုခွဲရာမှပေါက်ကွဲမှုဖြစ်၍ ကျောင်းသား ၁ ဦးသေဆုံး၂ ဦး ဒဏ်ရာရ

By Western News/ 2021 February 4

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပြင်ရှည်ကျေးရွာတွင် ဗုံးသီးဟောင်း ၁ လုံးကို ထုခွဲရာမှ ပေါက်ကွဲမှု ဖြစ်၍ အသက် ၁၄ နှစ်အရွယ် ကျောင်းသား ၁ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့သည်။သေဆုံးဒဏ်ရာရရှိသူ ၃ ဦးမှာ ဖေဖော်ဝါရီ ၄ ရက်နေ့ ယနေ့ နေ့လည် ၁ နာရီကျော်အချိန်ခန့်က ရွာနှင့် အနည်းငယ်အလှမ်းဝေးသည့် နေရာ၌ နွားကျောင်းနေစဉ် ကောက်ရသော ဗုံးသီးဟောင်းကို ထုကြည့်ရာမှ ယခုကဲ့သို့ပေါက်ကွဲမှုဖြစ်သွားခြင်းဖြစ်ကြောင်း ပြင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။“ကျွန်တော်တို့ အဲဒီကိုရောက်သွားတော့ အစက လက်နက်ကြီးကျတယ်ထင်တာ။ တစ်ဦးကသေနေပြီ နောက် ၂ ဦးကတော့ ဒဏ်ရာတွေနဲ့ပေါ့။ ကျွန်တော်က သတိရသေးတဲ့ မောင်ဝင်းသန်းကို မေးတော့ ဗုံးသီးကောက်ရပြီး ထုတာကနေ အဲဒီလိုပေါက်ကွဲတာတဲ့။ ကျွန်တော် အမြဲတမ်း ပြောပါတယ်။ ရွာသားတွေကို အဲဒီလို ဗုံးသီးဟောင်းတွေတွေ့ရင် မကိုင်ကြဖို့။ ကျွန်တော် လော်စပီကာတွေနဲ့ တောင် အော်ပြီး အသိပေးပါတယ်။ ကလေးတွေဆိုတော့လေ သိပ်နားမလည်လို့ ထင်ပါတယ်”ဟုပြောသည်။အဆိုပါ ပေါက်ကွဲမှုကြောင့် မောင်ရွှေသိန်း အသက် ၁၃ နှစ်မှာအခင်းဖြစ်ပွားသောနေရာတွင် သေဆုံးခဲ့ပြီး မောင်ဝင်းထွန်းနှင့် မောင်သန်းအေးတို့ ၂ ဦးမှာ ဒဏ်ရရှိခဲ့ကာ ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံပို့ဆောင်ခဲ့ရသည်။ ဒဏ်ရာရရှိခဲ့သူထဲမှ မောင်သန်းအေးမှာ ဒဏ်ရာပြင်းထန်သဖြင့် သတိမရသေးကြောင်းလည်းသိရသည်။ “မောင်ဝင်းထွန်းကတော့ သတိရနေပါပြီ။ မောင်သန်းအေးကတော့ ခုထိသတိမရသေးဘူး။ ဒဏ်ရာတွေကတော့ နဖူး၊မေးစေ့ပြီးတော့ ညာလက်မောင်းနားတွေမှာ ဒဏ်ရာတွေရရှိသွားပါတယ်။ အခြေအနေကတော့ သိပ်မကောင်း သေးပါဘူး။ ခုထိသတိမရသေးတော့လေ”ဟုပြောသည်။အခင်းဖြစ်ပွားပြီးချိန်တွင် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ်ကိုလာရောက်စစ်ဆေး မေးမြန်းသွားသည်ဟုလည်း အုပ်ချုပ်ရေးမှူးပြောကြားချက်အရသိရသည်။

Western News-WN

https://www.facebook.com/102405104899336/posts/224564889350023/

Leave a Reply

Your email address will not be published.