ပျောက်ဆုံးနေတဲ့ တင်းမကျေးရွာသားတွေအတွက် မိသားစုဝင်တွေရဲ့ ပူဆွေးသောက

By Development Media Group / 2021 February 26

အောင်ထိန်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာနှင့် တင်းမ(ရွာသစ်)ကျေးရွာမှ ဒေသခံ ၁၈ ဦး ဖမ်းဆီးခံရပြီးနောက် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည်မှာ တစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သည်။အဆိုပါကျေးရွာသား(၁၈)ဦးမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ပျောက်ဆုံးနေသည့် တင်းမကျေးရွာသားများကို ဖမ်းဆီးထားသည်ဆိုသော်လည်း မည်သည့်နေရာတွင် ရှိသည်ကိုတိတိကျကျမသိရသဖြင့် မိသားစုဝင်များမှာ ၎င်းတို့အတွက်စိုးရိမ်ပူပန်နေကြသည်။“သေသွားပြီဆိုရင်လည်း ဒီအတိုင်းနေနေရမှာလား။ အလှူလည်းမလုပ်ရ။ အလှူဒါန်းလုပ်ချင်ပေမယ့် ဘယ်မှာ သွားလုပ်မှာလည်း။ ပိုက်ဆံလည်းတစ်ပြားမှမရှိ။ ဒါကြောင့် ကိုယ့်ရပ်ကိုယ့်ရွာကိုပြန်ပြီး အလှူလုပ်ချင်တယ်” ဟု ဖမ်းဆီးခံရသူ ဦးမောင်ဝင်းကြီး(၄၈)နှစ်၏ ဇနီး ဒေါ်ဖြူဖြူကိုဆိုသည်။ဖမ်းဆီးခံရသည့် တင်းမကျေးရွာများမှာ မိသားစုအိမ်ထောင်သည်များဖြစ်ကြပြီး ထိုသို့ လင်ယောင်္ကျားများ မရှိ သဖြင့် ကျန်ရစ်ခဲ့သည့် မိသားစုဝင်များအတွက် ရေရှည်ရပ်တည်နိုင်ရေးက စိန်ခေါ်မှုတစ်ခုဖြစ်နေရသည်။ဖမ်းဆီးရသူ ဦးထွန်းမောင်ဝင်းဇနီး ဒေါ်ခင်နွယ်ဝင်းက “ယောင်္ကျားမရှိရင် စားရသောက်ရ၊ နေရထိုင်ရတာ အဆင်မပြေဘူး။ ယောင်္ကျားမရှိရင်တော့ မိန်းမတစ်ယောက်တည်းဖြတ်သန်းရမယ့်ဘဝက ကြမ်းတမ်းမှာပဲ။ ရှေ့မှာ အခက်အခဲတွေအများကြီးကြုံတွေ့ရမှာသေချာတယ်” ဟု ဆိုသည်။“ကျွန်မတို့မှာ ဆယ်တန်းကျောင်းသူတစ်ဦးနဲ့ ခုနှစ်တန်းကျောင်းသားတစ်ဦး သားသမီးနှစ်ယောက်ရှိတယ်။ သူတို့ အဖေမရှိတော့ သားသမီးတွေပညာရေးကိုလည်း ဆက်လက်မသင်ကြားနိုင်တော့ဘူး။ ဒါတွေ အတွက်လည်း ကျွန်မဝမ်းနည်းရတယ်” ဟု ဒေါ်ခင်နွယ်ဝင်းက ဆက်ပြောသည်။တင်းမကျေးရွာများနှင့်ပတ်သက်၍ အဖြစ်မှန်ပေါ်ပေါက်ရေး၊ ကျူးလွန်သူများကိုလည်း ဥပဒေအရအရေးယူ ဆောင်ရွက်ပေးရန် မိသားစုဝင်များကတောင်းဆိုနေကြသည်။“ကျွန်မမှာ ဒီသားလေးတစ်ယောက်တည်းရှိတာ။ ကိုယ့်သားသမီးတစ်ယောက်ကို ပျောက်နေတယ်ဆိုတော့ ဘယ်လောက်ခံစားရမလဲ။ ဖမ်းတဲ့အချိန်မှာ ကျွန်မသားလေးက ဘာမှမပြောဘဲ အမေ့ကိုစိုက်ကြည့်နေတယ်။ ကျွန်မသားလေး ရှစ်တန်းကျောင်းသားပဲရှိသေးတယ်။ ဘာမှလည်းအပြစ်မရှိဘူး” ဟု ဖမ်းဆီးခံရသည့် မောင်ထွန်းထွန်းဝေ၏ မိခင်ဖြစ်သူ ဒေါ်အေးရီကပြောဆိုသည်။ပျောက်ဆုံးနေသူ(၁၈)ဦးမှာ တင်းမကြီးကျေးရွာမှ ဦးထွန်းမောင်ဝင်း၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ မောင်ထွန်းထွန်းဝေ၊ ကိုနေလင်းဦးနှင့် တင်းမ(သစ်)ကျေးရွာမှ ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်နှင့် ဦးစောရွှေသန်းတို့ဖြစ်ကြသည်။တင်းမကျေးရွာသားများ ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၆ ရက်တွင် မြောက်ဦးခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တင်းမကျေးရွာရပ်မိရပ်ဖတို့ပါဝင်သည့် စုံစမ်း စစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။ပျောက်ဆုံးနေသူများနှင့်အတူ တောင်ရှည်တောင်ပေါ်သို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ပြန်လွတ်လာခဲ့သည့် မျက်မြင်သက်သေသုံးဦးကို မြောက်ဦးခရိုင်ရဲစခန်းက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ဆေးခဲ့သည်။တင်းမကျေးရွာသားပျောက်ဆုံးနေမှုကို စုံစမ်းစစ်ဆေးနေသည့်အခြေအနေနှင့်ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာထူးခြားမှုမရှိသေးကြောင်း မိသားစုဝင်များကပြောသည်။ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့၏ တိုက်ပွဲကာလအတွင်း သံသယဖြင့်ဖမ်းဆီးခံရသူ အများအပြား ရှိခဲ့ကာ ဖမ်းဆီးခံရပြီးနောက်တွင် သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသူ ၃၀ ကျော်ရှိနေသည်။

https://www.facebook.com/466648543487562/posts/1953496891469379/

Leave a Reply

Your email address will not be published.