ပုဏ္ဏားကျွန်းတွင် စစ်ဘေးဒုက္ခသည်များ သောက်သုံးရေများ ဝယ်ယူအသုံးပြုနေရ

By Western News / February 16 / 2021

Western News – ဖေဖော်ဝါရီ ၁၅ ရက်

စစ်ဘေးရှောင်ဒုက္ခသည်ဦးရေ ၄၀၀ ကျော်ရှိသည့် ပုဏ္ဏားကျွန်း စက်မှုဇုန် စစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေ ရှားပါးသည့် ပြဿနာနှင့် ကြုံနေရသည့်အပြင် အနီးအနားကျေးရွာများမှလည်း ရေလုံးဝ မရရှိတော့သည့် အတွက် သောက်ရေနှင့် သုံးရေ ၂ ခုလုံးကို ဝယ်သုံးစွဲနေရကြောင်း စခန်းတာဝန်ခံထံများကပြောသည်။

စစ်ဘေးရှောင်စခန်းတွင် စတင်နေထိုင်သည့်အချိန်တွင် ရေဖြူကန်ပရဟိတအဖွဲ့မှ သောက်သုံးရေအတွက်အကူ အညီဆောင်ရွက်ပေး ခဲ့သော်လည်း ၂၀၂၀ ခုနှစ် ၁၀ လပိုင်းမှ စတင်ကာရေရှားပါးမှုဖြစ်ပေါ်ခဲ့သည်ဟုသိရသည်။

ယခင်ကရေပေါက်ချောင်းကျေးရွာ မှ ရေကန်တစ်ကန်အသုံးပြုခွင့်ရခဲ့သော်လည်း လက်ချိန်တွင် ရေပေါက်ချောင်းကန်မှာလည်း ရေ ခမ်းသွားပြီဖြစ်သည့်အတွက် ယခုနှစ် ဖေဖော်ဝါရီလ ပထမပတ်ထဲတွင်စ၍ သောက်ရေ၊ သုံးရေကို ဝယ်ယူသုံးစွဲနေ ရပြီဖြစ် ကြောင်း စခန်းတာဝန်ခံ ဦးမောင်အေးရွှေက Western News ကိုပြောသည်။

“မိုးရာသီတုန်းကတော့ ကျွန်တော်တို့ ရေဖြူကန်ရေကန်ကနေ ခပ်ယူပြီးအသုံးပြုကြတယ်ပေါ့နော်။ ၁၀ လပိုင်း လောက်နေပြီး ကျွန်တော်တို့က ရေဖြူကန်ရေ အသုံးပြုခွင့်မရတော့ဘူး။ ဒါပေမယ့် ရေပေါက်ချောင်းကနေ ကန် တစ်ကန်ပေးတယ်။ အဆင် ပြေသေးတယ်။ ရေဖြူကန်ရေက ကုန်တော့ ကျွန်တော်တို့မှာ ရေကလုံးဝအဆင်မပြေ တော့ဘူး။၂လပိုင်း ပထမပတ်လောက် နေပြီးတော့ရေက ဝယ်ပြီးတော့ သုံးနေရပြီ”ဟုပြောသည်။

ရေရှားပါးမှုနှင့်ပတ်သတ်၍ ပြီးခဲ့သည့်အပတ်မှနေ၍ မြို့နယ်ထွေအုပ်ထံ အကူအ ညီပေးရန်စာတင်ထားပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနလည်း ၂ ကြိမ်တိုင် အကူအညီတောင်းခံထားကြောင်း စစ်ဘေးရှောင်စခန်းတာ ဝန်ခံ ဦးမောင်အေးရွှေကပြောသည်။စစ်ဘေးရှောင်စခန်းတွင် လူကယ်ပြန်မှ တစ်နေ့ဆန် ၂ ဗူးနှင့် WFP ကငွေ ၅၀၀ ကျပ်စီထောက်ပံ့မှုရပြီး အခြေခံစား သောက်အကုန် အပြင်ရေကိုပါ ဝယ်ယူသုံးစွဲနေရသည့်အတွက် အခက်အခဲများဖြင့်မနေချင်တော့ဘဲ တိုက်ပွဲဆက်မဖြစ်လျှင် နောက် ၂ ပတ် အတွင်း ရွာပြန်တော့မည်ဖြစ်ကြောင်း သာစည်ကျေးရွာမှ စစ်ဘေးရှောင် ဦးတင်အေးလှိုင်ကပြောသည်။

“ကျွန်တော်တို့မှာ တစ်နေ့က တစ်ယောက်စီဆန် ၂ ဗူးနဲ့ ငွေ ၅၀၀ ကျပ်စီထောက်ပံ့မှုရတယ်။ဒါပေမယ့်အခြေခံ စားသောက်ကုန်တွေ ဟင်းတွေလည်းဝယ်ယူ စားသောက်ရသေးတယ်။အလုပ်ကလည်းမရှိဘူး။ ဒီကြားထဲ ရေကိုပါ ဝယ်ယူ အသုံးပြုနေရတော့ ကျွန်တော်တို့မှာ တော်တော်ခက်ခဲနေတယ်။ရေက သောက်ရေကော သုံးရေပါ ဝယ်ရ တာဆို တော့ ၁ ရက်ကို ၁ဝဝဝဖိုးစီ ရေဝယ်နေရတယ်။သက်ဆိုင်ရာ လူကြီးတွေလည်း ကျွန်တော်တို့ကို ကူညီစေ ချင်ပါ တယ်။စစ်ဘေးရှောင်စခန်းမှာက နေချင်တာ မဟုတ်ပါဘူး။ နောက် လဝက်ဆိုရင် ဒေသ ဒီအတိုင်းသာ ဆက်ပြီး တိုက်ပွဲတွေမဖြစ်ရင် ရွာပြန်တော့မယ်”ဟုပြောသည်။

စစ်ဘေးရှောင်စခန်းမှ အကူအညီတောင်း စာကိုလက်ခံရရှိပြီးဖြစ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးကို ကွင်းဆင်း စီစဉ်ခိုင်းထားကာ ယင်းမှ တင်ပြလာသောအခြေအနေပေါ်မူတည်ကာလုပ်ဆောင်ပေးသွား မည်ဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းကပြောသည်။

“စာကိုတော့ လက်ခံရရှိထားပါတယ်။ ကျွန်တော်ကတော့ ကျေးလက်ကိုတော့ ကွင်းဆင်းစီစဉ်ဖို့ခိုင်းထားပါတယ်။ သူတို့တက်လာတဲ့အပေါ် မူတည်ပြီးလုပ်ဆောင်ပေးသွားမယ်။ စစ်ဘေးရှောင်တွေက အောင်မင်္ဂလာရေကန်ကို လာခပ်လို့ရပါတယ်။အဲ့နားမှာ ရေမရှိပေမယ့် အောင်မင်္ဂလာကန်ကနေလာခပ်လို့ရပါတယ်”ဟုပြောသည်။

မိုးရာသီခါက စစ်ဘေးရှောင်စခန်းအနီးတွင်ရှိသည့် ရေပေါက်ချောင်းနှင့်ရေဖြူကန်ကျေးရွာ ၂ ရွာမှရေကို အသုံးပြု ခွင့်ရအောင်လုပ်ဆောင်ပေးခဲ့ပြီး လက်ရှိတွင် ထွေအုပ်ဖြင့်ညှိနှိုင်းဆဲဖြစ်ကာ ဘတ်ဂျက်မရှိသေးသ့ည့်အတွက် တစ် စုံတစ်ရာ လုပ်ဆောင်ပေးနိုင်ခြင်းမရှိသေးကြောင်းကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီဌာနမှ ဦးစီးမှူး ဦးကျော်သန်း တင်ကပြောသည်။

“မိုးရာသီကတော့ စစ်ဘေးရှောင်စခန်းရဲ့အနီးအနားက ရေဖြူကန်နဲ့ရေပေါက်ချောင်း ၂ ရွာက ရေကိုမျှသုံးဖို့ ကျွန် တော်တို့ စီမံခဲ့တယ်။နွေရာသီရောက်လာတော့ ရွာတွေက ထိန်းချုပ်မှုတွေလုပ်လာတာပေါ့။ ရွာကလူတွေကလ ည်းရေရှားမှာကိုသိလို့ ထိန်းချုပ်ထားကြပြီ။စစ်ဘေးရှောင်တွေကို မခပ်ရတော့ဘူး။ စစ်ဘေးရှောင်က လူတွေက လေလောဆယ်မှာရေကသုံးဖို့ မရှိတော့ဘူး။ ကျွန်တော်တို့က လောလောဆယ်တော့ ဘာမှ လုပ်ဆောင်တာမရှိဘူး ။စစ်ဘေးရှောင်စခန်းကလည်း ကျွန်တော်တို့ကို အကူအညီ တောင်းထားတယ်။ ထွေအုပ် နဲ့တော့ ဆွေးနွေးနေပါ တယ်။ ကျွန်တော်တို့မှာ စစ်ဘေးရှောင်စခန်းနားမှာ ရေတူးလို့လည်း ရေမထွက်နိုင်ဘူး။ ရေ တူးဖို့လည်း ဘက်ဂျက် ငွေကမရှိဘူးဖြစ်နေပါတယ်”ဟုပြောသည်။

ပုဏ္ဏားကျွန်းစစ်မှုဇုန် စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ပြီးခဲ့သည့် ၂၀၂ဝခုနှစ်မတ်ချ်လမှစစ်ဘေးရှောင်များ နေထိုင်ကြပြီး အများစုမှာပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်၊သာစည်ကျေးရွာမှ အများဆုံးဖြစ်ပြီး ဒိုးဒမ်း ၊ပိန္နဲတောစသည့်ကျေး ရွာများအပြင် ပလက်ဝမြို့နယ်မှ မီးလက်ဝ၊နမတာ စသည့်ကျေးရွာမှ လူဦးရေ ၄၀၀ ကျော်နေထိုင်သည်။

https://www.facebook.com/102405104899336/posts/232218368584675/

Leave a Reply

Your email address will not be published.