ပါတီနှင့် ရှင်းလင်းစရာကိစ္စများမရှိလျှင် နှုတ်ထွက်စာတင်လာသည့်ပါတီဝင်အားလုံးကို နှုတ်ထွက်ခွင့် ပေးသွားမည်ဟု ANP ပြော

By Western News/ 2021 February 20

စစ်ကောင်စီမှပေးအပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ရာထူးကို ရခိုင်အမျိုးသားပါတီ ANP ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါ်အေးနုစိန်လက်ခံလိုက်ပြီးနောက် ပါတီဝင်အဖြစ်မှနှုတ် ထွက်မှုများ ရှိလာသည်။
ပါတီဝင်များနှုတ်ထွက်မှုများနှင့်ပတ်သက်ပြီး ပါတီနှင့်ရှင်းလင်းစာရာကိစ္စရပ်များမရှိလျှင် တရားဝင်နုတ်ထွက် စာတင်လာသည့် ပါတီဝင်အားလုံးကို နှုတ်ထွက် ခွင့်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက Western News ကိုပြောသည်။
“လောလောဆယ်တော့ သူတို့အနေနဲ့ အွင်လိုင်းမှာတင်တာပဲတွေ့တယ်။ အွန်လိုင်းမှာတင်တာ ၃ ယောက် လောက်ပဲ ကျွန်တော်တွေ့တယ်။ ပါတီကိုတရားဝင်စာတင်လာတယ်ဆိုတာကိုတော့ ပါတီကအကြောင်းကြား တာမရှိသေးဘူး။ စနစ်တကျနဲ့မြို့နယ်ကတဆင့် အဆင့်ဆင့်တင်ပြလာမယ်ဆိုရင်တော့ သူတို့မှာ ပါတီနဲ့ရှင်း စရာကိစ္စရပ်တွေ မရှိဘူးဆိုရင် ပါတီဖွဲ့စည်းပုံဥပဒေပုဒ်မ ၆၅ အရ နှုတ်ထွက်ခွင့်ပေးရမယ်ဆိုတာကတော့ လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်”ဟု ဦးဖေသန်းက ပြောသည်။
ယခုလို ပါတီဝင်များနှုတ်ထွက်သွားသည့်အတွက် ပါတီပြိုကွဲသွားမည်မဟုတ်သော်လည်း မိမိစိတ် သဘောထား အရ ဆက်လက်နုတ်ထွက်နေကြမည်ဆိုလျှင်ပါတီတွင် အားနည်းချက်များရှိလာ မည်ဖြစ်ကြောင်း လည်း ဦးဖေသန်းက ပြောသည်။
ယင်းအပြင် ပါတီအပေါ်သစ္စာရှိသည့် ပါတီဝင်များအနေဖြင့် ပါတီ၏လုပ်ဆောင်ချက်အား ဆက်လက် စောင့်ကြည့်သင့်ပြီး နှုတ်ထွက်သူများမှာ စစ်အာဏာရှင်စနစ်ကိုတော်လှန်သည့်ပုံရိပ်များ ထင်ဟပ်ခြင်းကြောင့် နုတ်ထွက်ခြင်းဖြစ်သည်ဟုယူဆကြောင်းလည်း ဦးဖေသန်းကပြောသည်။
“ကျွန်တော်တို့မှာ ရှေ့ဆက်လုပ်ဆောင်မည့်ဟာတွေကို ပါတီဗဟိုအစည်းအဝေးမှာချမှတ်ထားပြီးဖြစ်တယ်။ သူတို့က စိတ်မရှည်ဘဲနှုတ်ထွက်မယ်ဆိုတော့လည်း သူတို့ရဲ့သဘောဆန္ဒသာဖြစ်တယ်။ အမှန်တကယ်ပါတီ အပေါ်မှာသစ္စာရှိတဲ့ပါတီဝင်တစ်ယောက်ဆိုရင် ပါတီရဲ့လုပ်ဆောင်ချက်တွေကို ဆက်လက်စောင့်ကြည့် သင့်တယ်။ အထူးသဖြင့် နှုတ်ထွက်သူတွေကတော့ ပြည်မရဲ့ဒီမိုကရေစီလှိုင်း၊ စစ်အာဏာရှင် ကိုတော်လှန်ကြတဲ့ပုံရိပ်တွေ၊ CDM လှုပ်ရှားမှုတွေပုံရိပ်တွေ ထင်ဟပ်ခံရတဲ့လူတွေဖြစ်တယ် လို့ယူဆတယ်”ဟု ဆိုသည်။
Western News စုံစမ်းသိရှိမှုအရ ဒေါ်အေးနုစိန် စစ်ကောင်စီဝင်ရာထူးအားလက်ခံပြီးနောက်ပိုင်း ရခိုင်အမျိုးသားပါတီက နှုတ်ထွက်သည့်ပါတီဝင်မှာ အနည်းဆုံး ၆ ဦးထိရှိနေသည်။
ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရခြင်းမှာ ANP အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့်ပူးပေါင်းခြင်းမှာ စစ်တပ်အား ထောက်ခံခြင်း တစ်မျိုးဖြစ်ပြီး ပူးပေါင်းရန် သင့်/မသင့်ကို အရေးပေါ်ပါတီညီလာ ခံခေါ်ပြီးဆုံးဖြတ်ရမည် ဟုသာမြင်ကြောင်း ပါတီမှနှုတ်ထွက်စာတင်ထား သူတစ်ဦးကပြောသည်။
“အဓိကတော့ စစ်အာဏာသိမ်းမှုကိုသွားပြီးပူးပေါင်းတာကိုမကြိုက်ဘူး။ ဆိုတော့ ပူးပေါင်းခြင်းဟာ ထောက်ခံခြင်းတစ်မျိုးပဲလို့ ကျွန်တော်ကမြင်တယ်။ ပြီးတော့ ဒီဟာက သာမန်ပေါ်လစီအပြောင်းအလဲ တစ်ခု မဟုတ်ဘူး။ ပေါ်လစီသေးသေးလေးအပြောင်းအလဲတစ်ခုဆိုရင်လုပ်လို့ရတယ်။ ပြဿနာမရှိဘူး။ ဥပမာအားဖြင့် ရွေးကောက်ပွဲတစ်ခုမှာ အမတ်ရွေးတာတွေလောက်ကို ပါတီ CEC လောက်နဲ့လုပ်လို့ရတယ်။ အခုလုပ်ရမည့် အလုပ်ကတော့ ပါတီညီလာခံကိုအရေးပေါ်ခေါ်ပြီးလုပ်ရမယ့် အလုပ်လို့မြင်တယ်”ဟု ပြောဆိုသည်။
ရခိုင်အမျိုးသားပါတီ ANP သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အရွေးကောက်ပွဲတွင် ပြည်နယ်အတွင်းအများဆုံးအနိုင် ရခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင်လည်း ၁၅ နေရာဖြင့် ပြည်နယ်အတွင်း အများဆုံးအနိုင်ရရှိခဲ့သည်။

https://www.facebook.com/102405104899336/posts/234882431651602/

Leave a Reply

Your email address will not be published.