By Development Media Group / 2021 February 24
မင်းထွန်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ရခိုင်အမျိုးသားပါတီ(ANP)မှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးပါဝင်ပြီး နောက်တွင် ပါတီဝင်တစ်ချို့ နှုတ်ထွက်ခြင်းများရှိလာပြီး ပါတီကိုတရားဝင်နှုတ်ထွက်စာတင်ထားသူ ၄ ဦး ရှိကြောင်း ANP ပါတီ တာဝန်ရှိသူများထံမှ သိရသည်။ANP ပါတီကို နှုတ်ထွက်စာတင်ရခြင်းမှာ ပါတီ၏လုပ်ဆောင်ချက်ကို ကျေနပ်မှုမရှိကြောင်း၊ ပါတီနှင့် ဆက်လက် လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်းတို့ပါဝင်သည်ကို နှုတ်ထွက်စာတွင်တွေ့ရသည်ဟု ပါတီမူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးဖေသန်းကဆိုသည်။“လေးယောက်လောက်တော့ ဗဟိုကိုတိုက်ရိုက်စာရောက်တယ်။ နောက်တစ်ယောက်ကတော့ အွန်လိုင်းမှာပဲ တွေ့တယ်လို့ပြောတယ်၊ ဗဟိုကိုစာမရောက်ဘူး။ အဲဒီပုဂ္ဂိုလ်တွေဟာ ပါတီတာဝန်အားဖြင့် နိမ့်တဲ့သူတွေ ဖြစ်တယ်။ ဥပမာ- ဗဟိုကော်မတီ၊ CEC အဲလောက်အဆင့်တွေမဟုတ်ဘူး။ မြို့နယ်ပါတီဝင်တချို့ပဲဖြစ်တယ်လို့ သိရတယ်” ဟု ၎င်းကပြောသည်။နှုတ်ထွက်စာတင်သည့်ပါတီဝင်များမှာ ၎င်းတို့၏သဘောဆန္ဒအလျှောက် နှုတ်ထွက်စာတင်ကြခြင်းဖြစ်သည့် အတွက် ယင်းအပေါ်တွင် တစ်စုံတစ်ရာပြောဆိုရန်မရှိကြောင်းနှင့် အချိန်ကာလတစ်ခုတွင် နှုတ်ထွက်ခွင့် ပေးသွားမည်ဖြစ်ကြောင်း ဦးဖေသန်းကဆိုသည်။ANP ပါတီတွင် နှုတ်ထွက်စာတင်ထားသည့် အမည်မဖော်လိုသူ ဗဟိုကော်မတီဝင်တစ်ဦးက “ကျနော်တို့က ရှင်းတယ်၊ ပါတီမှာမူရှိတယ်။ ဒီစစ်အာဏာသိမ်းကောင်စီနဲ့ပေါင်းတာဟာ ပါတီရဲ့မူကိုဆန့်ကျင်တယ်လို့ မြင်တယ်။ ဆိုတော့ ဆက်လုပ်လို့မရတဲ့အတွက် ပါတီကနေနှုတ်ထွက်ဖို့ နှုတ်ထွက်စာတင်ရတာဖြစ်တယ်” ဟု ပြောသည်။ANP ပါတီနှင့် ရှင်းလင်းရမည့်ကိစ္စများမရှိလျှင် နှုတ်ထွက်စာတင်လာသည့်ပါတီဝင်များကို နှုတ်ထွက်ခွင့် ပေးသွားမည်ဖြစ်သော်လည်း ပါတီနှင့်ရှင်းလင်းရမည့်ကိစ္စများရှိလျှင် အဆိုပါကိစ္စများကိုရှင်းလင်းပြီးမှ နှုတ်ထွက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း ANP မှ တာဝန်ရှိသူများကဆိုသည်။ပါတီအနေဖြင့် စိန်ခေါ်မှု၊ အခက်အခဲလမ်းကြောင်းတစ်ခုကို ရောက်နေသည့်အချိန်တွင် ပါတီခေါင်းဆောင် များ၏ လုပ်ဆောင်ချက်အပေါ်တွင် ယုံကြည်မှုရှိရန်နှင့် ပါတီတိုင်းတွင် အားနည်းချက်၊အားသာချက်များရှိသည့် အတွက် မကျေနပ်ချက်များ၊ သဘောမတူမှုများရှိခဲ့လျှင်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ပါတီတွင်းတွင် တင်ပြဆွေးနွေးပြီး လုပ်ဆောင်ရမည်ဖြစ်သည်ဟု ဦးဖေသန်းကဆိုသည်။“ကျနော်တို့ ပါတီဝင်တွေဟာ ဒီအချိန်မှာ အားလုံးပါတီခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်နောက်မှာ ကျစ်ကျစ် လျစ်လျစ်နဲ့ လုပ်ဖို့လိုအပ်တယ်။ မိမိတို့လျှောက်လှမ်းရမယ့်လမ်းကို ဖြောင့်ဖြောင့်မတ်မတ်သွားရမယ့် အချိန် အခါဖြစ်တယ်။ ဒါမှကိုယ့်ပါတီရဲ့ ရေရှည်ရပ်တည်ရေးကို ထိန်းနိုင်ဖို့ဖြစ်တယ်လို့ ပါတီဝင်တွေကိုပြောချင်တယ်။ ပြည်သူတွေကိုတော့ ကျနော်တို့ရဲ့ လုပ်ရပ်ဟာမှားရင်လည်း ကျနော်တို့ခံမယ်။ သို့သော်လည်း အမှန်ဆုံး ဖြစ်အောင်လုပ်ဆောင်နေတာဖြစ်ပါတယ်၊ စောင့်ကြည့်ကြပါလို့ပြောချင်ပါတယ်” ဟု ၎င်းကပြောသည်။မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းလိုက်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ရခိုင်အမျိုးသားပါတီ(ANP)မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကို ခန့်အပ်လိုက်သည်။ထိုကောင်စီတွင် ပါတီဝင်ဒေါ်အေးနုစိန်ပါဝင်နေခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်သူလူထုအကျိုးစီးပွားအား အကျိုး ပြု၊မပြုကို စောင့်ကြည့်ပြီးဆုံးဖြတ်သွားမည်ဟု ANP ပါတီ ဗဟိုအစည်းအဝေးတွင် ဆုံးဖြတ်ထားသည်။ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း ANP ပါတီမှ ရန်ကုန်တိုင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးဇော်အေးမောင်ကို တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာန၏ဒုတိယဝန်ကြီးအဖြစ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ခန့်အပ်လိုက်ကြောင်း မြဝတီသတင်းဖော်ပြချက်အရ သိရသည်။
https://www.facebook.com/466648543487562/posts/1952026124949789/